အမေရိကန်-အီရန် ဆွေးနွေးပွဲတွင် တိုးတက်မှုရရှိပြီး IAEA နျူလက်နက်စစ်ဆေးသူများ ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း အမေရိကန်ဒုသမ္မတကြေညာ
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 22, 2026
ဆွစ်ဇာလန်နိုင်ငံ Bürgenstock မှာ ကျင်းပနေတဲ့ အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အရေးပါတဲ့တိုးတက်မှုတွေ ရရှိလာတယ်လို့ အမေရိကန် ဒုသမ္မတ JD Vance က ပြောကြားလိုက်ပြီး ကုလသမဂ္ဂ လက်အောက်ခံ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ (IAEA) စစ်ဆေးရေးမှူးတွေက အီရန်နိုင်ငံတွင်း ပြန်လည်ဝင်ရောက်စစ်ဆေးမယ်လို့ အတည်ပြုပြောဆိုပါတယ်။
အီရန်ဘက်က ညှိနှိုင်းရေးအဖွဲ့ဝင်တွေဟာ ၁၈ နာရီကြာ အပြင်းအထန် ဆွေးနွေးမှုများအပြီး ဆွစ်ဇာလန်က အီရန်ကို ပြန်လည်ထွက်ခွာသွားပေမယ့် နှစ်နိုင်ငံကြားက Islamabad နားလည်မှုစာချွန်လွှာ (MoU) နဲ့ပတ်သတ်တဲ့ နည်းပညာပိုင်း ဆွေးနွေးမှုတွေဆက်လုပ်နိုင်ဖို့ ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ကို ဆွစ်ဇာလန်မှာ ဆက်ပြီးရှိနေသေးတယ်လို့ ဆိုပါတယ်။
ပထမနေ့ ဆွေးနွေးပွဲများတွင် အားတက်ဖွယ် တိုးတက်မှုများရရှိခဲ့ကြောင်း ကြားဝင်ညှိနှိုင်းသူတွေဖြစ်တဲ့ Pakistan နဲ့ Qatar အစိုးရတွေက ထုတ်ပြန်ခဲ့ပြီး နောက်ဆုံး သဘောတူညီချက်တစ်ရပ်ကို ရက်ပေါင်း ၆၀ အတွင်း ရရှိနိုင်ရေးအတွက် လမ်းပြမြေပုံ (roadmap) တစ်ရပ်ကို နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ဘနွန်တောင်ပိုင်းက အခြေအနေတွေက ဆက်လက်တင်းမာနေပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က အစ္စရေးတပ်ဖွဲ့တွေက လိုအပ်သမျှ ကာလပတ်လုံး လက်ဘနွန်တောင်ပိုင်းတွင် ဆက်လက်တပ်စွဲထားမယ်လို့ ကြေညာပါတယ်။ အဆိုပါကြေညာချက်အပေါ် Hezbollah အဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပါက လက်တုံ့ပြန်မယ်လို့ ပြန်လည် သတိပေးပြောဆိုပါတယ်။
အမေရိကန်နဲ့ အီရန်တို့အကြား ဆွေးနွေးပွဲများမှာ ဒေသတွင်း စစ်ရေးတင်းမာမှုများ လျှော့ချရေး၊ နျူကလီးယားကိစ္စ ဖြေရှင်းရေး နဲ့ လက်ဘနွန်အပစ်အခတ်ရပ်စဲရေး တည်ငြိမ်စေရေးတို့ကို အဓိက ရည်ရွယ်ထားပြီး ဆွေးနွေးမှုတွေကို လာမယ့်ရက်သတ္တပတ်တွေအတွင်း ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Source: X, CBS




Comments