မြင်းခြံခရိုင်ထဲစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ ၂ ဦးသေဆုံး၊ ၁၀ ဦးလက်နက်ချအညံ့ခံ
- thevoiceofchinland
- Jul 3
- 1 min read
VOC/ July 3, 2026
မန္တလေးတိုင်း မြင်းခြုံခရိုင်၊ မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်း ဖက် စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့က တိုက်ခိုက်ရာမှာ ၂ ဦးသေဆုံးပြီး ၁၀ ဦး လက်နက် ချအညံ့ခံဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာကို စစ်ကြောင်း ထိုးလာတဲ့ ရဲတပ်ရင်း (၈) တပ်ခွဲ (၁) ဒုတိယ ရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီးအင်အား(၁၁၀)ပါစစ်ကြောင်းကို မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှူဖြင့် မြင်းခြံ ခရိုင်စစ်ဌာန တပ်ရင်းတွေ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ) ၊ နွားထိုးကြီး မြို့နယ်(ပကဖ )၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့ ပူးပေါင်းပြီး မနေ့ ဇူလိုင်လ (၂) ရက်နေ့၊ မနက် ၁၁ နာရီကနေ နေ့လည် ၂:၃၀ ခွဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်(၂)စီးဖြင့် အနီးကပ်ပစ်ကူပေးခဲ့ပေမယ့်လည်း အကြမ်းဖက်စစ်သား ၂ ဦး မျက်မြင်သေဆုံးပြီး စစ်သုံံ့ပန်းအဖြစ် (၁၀) ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်းစစ်အုပ်စုထံကနေ လက်နက်နှင့် စိန်ပြောင်းမျိုးစုံ (၂၀) လက်၊ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ ခဲယမ်းပစ္စည်းမျိုးစုံ သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့၊ ညနေပိုင်း ၅ နာရီ ၅၀ မိနစ်ခန့်မှာလည်း ညောင်ဦးလေတပ်မှ တက်လာသော Gyrocopter (၂) စီးဖြင့် နွားထိုးကြီးမြို့နယ်၊ အိုးပုံတောရွာသို့ ဗုံးသီး (၄)လုံး (၂)ကြိမ် ကြဲချခဲ့ရာ ပြည်သူထိခိုက် သေဆုံး(စိစစ်ဆဲ)မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အလားတူ ည ၆ နာရီ ၄၉ မနစ်မှာလည်း တံတားဦးလေတပ်မှ တက်လာသော Jetfighter (၁) စီးဖြင့် အိုးပုံတောရွာ အနောက်ဘက်သို့ (၂) ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး ည (၁၀:၁၆) နာရီမှာ တံတားဦးလေတပ်မှ တက်လာသော Jet fighter (၂) စီးဖြင့် အိုးပုံတောရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ည (၁၀:၃၀) နာရီမှာလည်း နေပြည်တော်လေတပ်မှ တက်လာသော Jet Fighter (၁) စီးဖြင့် တောင်သာ မြို့နယ်၊ လှည်းကူးမရွာသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။




Comments