top of page

အမေရိကန်- အီရန် စစ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုး၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရန် သဘောတူ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

VOC/ 18 June 2026


အမေရိကန်သမ္မတ ထရမ့်နဲ့ အီရန်သမ္မတ ပီဇက်ရှ်ကီယန်တို့ဟာ အမေရိကန်၊ အစ္စရေးနဲ့ အီရန်အကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ဖို့ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

G7 ထိပ်သီးအစည်းအဝေးအပြီး ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်မှာ သမ္မတထရမ့်က MoU စာတမ်းကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ အဆိုအရ လက်မှတ်ရေးထိုးထားတဲ့ စာတမ်းဓာတ်ပုံကို အီရန်နဲ့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ နိုင်ငံတွေဆီ ချက်ချင်းပေးပို့ခဲ့ပြီး သဘောတူညီချက်များ ဟာလည်း ချက်ချင်း အသက်ဝင်သွားပြီလို့ ဆိုပါတယ်။

ဒီသဘောတူညီချက်ထဲမှာ အီရန်အနေနဲ့ နျူကလီးယားလက်နက် မတီထွင်ဖို့၊ မဝယ်ယူဖို့၊ စစ်ရေးလုပ်ဆောင်မှုတွေ ရပ်ဆိုင်းဖို့နဲ့ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ ဒီသဘောတူညီချက်ဟာ “ရေရှည်ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်” ဖြစ်ပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ တည်ငြိမ်လာဖို့ အထောက်အကူဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သဘောတူညီချက် အသက်ဝင်နေပြီလို့ ကြေညာထားပေမယ့် အစ္စရေးတပ်ဖွဲ့တွေက လက်ဘနွန်နိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် နာအင်မ် ကာဆမ်ကတော့ ဒီသဘောတူညီချက်ကို “အောင်ပွဲတစ်ရပ်” လို့ ခေါ်ဆိုခဲ့ပြီး လက်ဘနွန်နဲ့ အစ္စရေးကြား ဆွေးနွေးမှုတွေမှာ “အပြန်အလှန်လုံခြုံရေး” ကိစ္စတွေကိုသာ အဓိကထားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း သမ္မတထရမ့်က အီရန်အနေနဲ့ သဘောတူညီချက်ကို ချိုးဖောက်မယ်ဆိုရင် အမေရိကန်ဘက်က စစ်ရေးအရ တုံ့ပြန်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးအနေနဲ့ ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိဖို့ ဆက်လက်ညှိနှိုင်းသွားမယ်လို့လည်း ပြောပါတယ်။

MOU မူကြမ်းမှာ ပါဝင်တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ တန် အီရန်ပြန်လည်ထူထောင်ရေး ရန်ပုံငွေနဲ့ ပတ်သက်ပြီးတော့ “အမေရိကန်က ၁၀ ဆင့်တောင် ထည့်မှာမဟုတ်ဘူး” လို့ သမ္မတထရမ့်က ပြောခဲ့ပြီး အဲဒီငွေကို ပင်လယ်ကွေ့ဒေသက အမေရိကန်မဟာမိတ်နိုင်ငံတွေက အဓိက ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

အချက် ၁၄ ချက် ပါဝင်တဲ့ MoU မူကြမ်းတွေဟာ သတင်းမီဒီယာတွေမှာ ပျံ့နှံ့နေပြီးဖြစ်ပေမယ့် သဘောတူညီချက် စာတမ်းအပြည့်အစုံကိုတော့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။


Source: White House, X, Al Jazeera.



 
 
 

Comments


bottom of page