top of page

အမေရိကန်-အီရန် MoU အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ ဆွစ်ဇာလန်တွင် စတင်၊ ဗန့်စ်က “အရှေ့အလယ်ပိုင်းကို ပြောင်းလဲမည်” ဟု ပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ International/ June 21, 2026


အမေရိကန်နှင့် အီရန်တို့ကြား လက်မှတ်ရေးထိုးခဲ့သော ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာ (MoU) ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့ခ် (Bürgenstock) တွင် အဆင့်မြင့် ဆွေးနွေးပွဲများကို ဇွန်လ ၂၁ ရက်က စတင်ကျင်းပနေပါတယ်။

အမေရိကန် ဒုသမ္မတ JD Vance ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် Steve Witkoff နှင့် Jared Kushner တို့ ပါဝင်နေပြီး အီရန်ဘက်မှ လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf နှင့် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi တို့က ဦးဆောင်တက်ရောက်နေပါတယ်။ ကာတာနှင့် ပါကစ္စတန်တို့က ကြားဝင်ညှိနှိုင်းသူများအဖြစ် ပါဝင်နေကြပါတယ်။

ဆွေးနွေးပွဲမတိုင်မီ ဗန့်စ်က အမေရိကန်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းဒေသကို အခြေခံကျကျ ပြောင်းလဲလိုကြောင်း ပြောကြားခဲ့ပြီး “အခုတော့ လူတိုင်း ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုအတွက် အတူတကွ လုပ်ဆောင်နိုင်တဲ့ အနာဂတ်ကို မြင်တွေ့နေပါတယ်” ဟု ဆိုပါတယ်။

သို့သော် အဆိုပါ ၁၄ ချက်ပါ MoU သည် လက်မှတ်ရေးထိုးပြီးကတည်းက အငြင်းပွားမှုများနှင့် ဝေဖန်မှုများစွာ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် အီရန်၏ နျူကလီးယားအစီအစဉ်၊ ဟော်မုဇ်ရေလက်ကြား လုံခြုံရေး၊ လက်ဘနွန်အပစ်ရပ်ရေးနှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များဆိုင်ရာ အချက်များအပေါ် နှစ်ဖက်စလုံးတွင် သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေပါတယ်။

ထို့အပြင် MoU လက်မှတ်ရေးထိုးပြီး ရက်ပိုင်းအတွင်းမှာပင် လက်ဘနွန်တွင် အစ္စရေးနှင့် Hezbollah တို့ကြား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သလို အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားကြောင်း ကြေညာခဲ့ရာ သဘောတူညီချက်၏ အနာဂတ်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က လက်ဘနွန်အခြေအနေ၊ အီရန်၏ အေးခဲထားသော ပိုင်ဆိုင်မှုများ၊ ရေနံတင်ပို့ရောင်းချမှုနှင့် နျူကလီးယားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ပါတယ်။

ဗန့်စ်ကတော့ “လက်ဘနွန်အပစ်ရပ်ရေးနဲ့ နျူကလီးယားအရေးမှာ တိုးတက်မှုတွေ ရလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပြီး ယခုဆွေးနွေးပွဲများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။


Source: X, C Span



 
 
 

Comments


bottom of page