top of page

အမေရိကန် လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ် ပျက်ကျပြီး လူ ၈ ဦး သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 15 2026


အမေရိကန် လေတပ်ပိုင် B-52 Stratofortress ဗုံးကြဲလေယာဉ်တစ်စင်းဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ အက်ဒဝပ်စ် (Edwards) လေတပ်အခြေစိုက်စခန်းကနေ ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျသွားခဲ့တာကြောင့် လိုက်ပါလာသူ ၈ ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇွန်လ ၁၅ ရက်၊ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၂၀ မိနစ်ခန့်မှာ အခုလို ပျက်ကျခဲ့တာဖြစ်ပြီး၊ လေယာဉ်ဟာ ပုံမှန် စမ်းသပ်ပျံသန်းရေး တာဝန်တစ်ခုကို ထမ်းဆောင်နေခဲ့ပါတယ်။ ပျက်ကျမှုဖြစ်ပွားပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်း စေလွှတ်ခဲ့ရပါတယ်။

လေယာဉ်ပျက်ကျရာနေရာကနေ မီးခိုးနက်ကြီးတွေ ထွက်ပေါ်နေခဲ့သလို၊ လေယာဉ်အပိုင်းအစတွေဟာလည်း လေတပ်အခြေစိုက်စခန်းအတွင်းက သဲကန္တာရဧရိယာတဝိုက်မှာ ပြန့်ကျဲနေတယ်လို့ ဆိုပါတယ်။

ဘိုးအင်း (Boeing) ကုမ္ပဏီထုတ် B-52 Stratofortress လေယာဉ်ဟာ နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ဖြစ်ပြီး၊ ၁၉၅၅ ခုနှစ်ကတည်းက အမေရိကန်လေတပ်မှာ အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ လက်နက်အလေးချိန် ပေါင် ၇၀,၀၀၀ (ကီလိုဂရမ် ၃၂,၀၀၀) အထိ သယ်ဆောင်နိုင်ပြီး လေထဲမှာ ဆီပြန်မဖြည့်ဘဲနဲ့ မိုင်ပေါင်း ၈,၈၀၀ ခန့် (ကီလိုမီတာ ၁၄,၂၀၀ ခန့်) အထိ ပျံသန်းနိုင်စွမ်း ရှိပါတယ်။

လေတပ်ရဲ့ ပြောကြားချက်အရ သေဆုံးသွားသူတွေရဲ့ အမည်စာရင်းကိုတော့ သူတို့ရဲ့ မိသားစုဝင်တွေကို အကြောင်းကြားပြီးမှသာ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး၊ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အခုထက်ထိ စုံစမ်းစစ်ဆေးနေတုန်းပဲ ဖြစ်ပါတယ်။


Source: Edward Airbase, X , AP



 
 
 

Comments


bottom of page