top of page

အမေရိကန်က အီရန်ကို ဒုတိယမြောက်နေ့ ဆက်တိုက် တုံ့ပြန် တိုက်ခိုက်၊ အီရန်က ဘာရိန်းနှင့် ကူဝိတ်ကို ဒုံးကျည်၊ ဒရုန်းဖြင့်တိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ International/ June 28, 2026


အမေရိကန်နဲ့ အီရန်ကြား တိုက်ခိုက်မှုတွေဟာ ပိုမိုပြင်းထန်လာခဲ့ပြီး အမေရိကန်စစ်တပ်က အီရန်နိုင်ငံတောင်ပိုင်းရှိ စစ်ရေးပစ်မှတ်များကို ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့သလို၊ အီရန်ကလည်း ကူဝိတ်နဲ့ ဘာရိန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထား၍ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က အီရန်ဟာ အပစ်ရပ်သဘောတူညီချက်ကို မလိုက်နာဘဲ ဟော်မုဇ်ရေလက်ကြားရှိ ကုန်သွယ်ရေးသင်္ဘောများကို ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် Sirik၊ Bandar-e Lengeh နဲ့ Qeshm ကျွန်းအနီးရှိ စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေးစနစ်များ၊ ဆက်သွယ်ရေးစနစ်များ၊ လေကြောင်းကာကွယ်ရေးစခန်းများ၊ ဒရုန်းသိုလှောင်ရုံများနဲ့ ရေမြှုပ်မိုင်းတင်နိုင်စွမ်းရှိတဲ့ ပစ္စည်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဟော်မုဇ်ရေလက်ကြားအနီး ကုန်တင်သင်္ဘော M/T Kiku ကို အီရန်ဘက်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် ရေတပ်နှင့် လေတပ်တိုက်လေယာဉ်များက အီရန်စစ်ရေးပစ်မှတ် ၁၀ ခုကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာန CENTCOM က ထုတ်ပြန်ပါတယ်။

CENTCOM က ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တိုက်ခိုက်မှုတစ်ခုကြောင့် ပစ်မှတ်နေရာမှ မီးခိုးများ ထွက်လာသည့် မြင်ကွင်းကို တွေ့ရပြီး၊ အမေရိကန်တပ်ဖွဲ့များသည် အီရန်ရှိ ဒုံးကျည်နှင့် ဒရုန်းသိုလှောင်နေရာများ၊ ကမ်းရိုးတန်းရေဒါစခန်းများနှင့် စစ်ရေးဆိုင်ရာ အခြားအခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားထားပါတယ်။

အမေရိကန်ဘက်က အဆိုပါ တိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြားအနီး ကုန်သွယ်ရေးသင်္ဘောများအပေါ် အီရန်၏ ဆက်လက်တိုက်ခိုက်မှုများနှင့် အပစ်ရပ်သဘောတူညီချက် ချိုးဖောက်မှုများကို တုံ့ပြန်ခြင်းဖြစ်ကြောင်း အလေးပေးပြောဆိုထားပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကလည်း Truth Social တွင် “အီရန်က အပစ်ရပ်သဘောတူညီချက်ကို ထပ်မံချိုးဖောက်ခဲ့တဲ့အတွက် အမေရိကန်လေတပ်က တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ ပြောကြားပြီး၊ အီရန်က ဆက်လက်မလိုက်နာပါက “စတင်ခဲ့တဲ့အလုပ်ကို အပြီးသတ်ရမယ့် အခြေအနေအထိ ရောက်လာနိုင်ပြီး အဲဒီလိုဖြစ်လာရင် အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်ဆိုတာ ရှိတော့မှာမဟုတ်ဘူး” လို့ သတိပေးခဲ့ပါတယ်။

တုံ့ပြန်မှုအဖြစ် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ကူဝိတ်ရှိ Ali Al Salem လေတပ်စခန်းနဲ့ ဘာရိန်းရှိ အမေရိကန် ရေတပ် Fifth Fleet ဌာနချုပ်ကို ဒုံးကျည်နဲ့ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ကူဝိတ်က ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစနစ်က ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ပြောဆိုပါတယ်။ ဘာရိန်းမှာတော့ ဆိပ်ကမ်းအနီး လူနေအဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့ပေမယ့် သေဆုံးသူ မရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုပါတယ်။

ကူဝိတ်၊ ဘာရိန်း၊ ကာတာနဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများက အီရန်ရဲ့ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဒေသတွင်း တင်းမာမှု ပိုမိုမြင့်တက်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

တစ်ဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဟော်မုဇ်ရေလက်ကြားကို အီရန်၏ ကြီးကြပ်မှုမရှိဘဲ ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးပမ်းမှုမှန်သမျှဟာ တင်းမာမှုတွေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ သတိပေးခဲ့ပြီး၊ အမေရိကန်က တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပါက စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲများကို “လုံးဝရပ်ဆိုင်း” သွားနိုင်ကြောင်းလည်း အီရန်ဘက်က ခြိမ်းခြောက်ပြောဆိုထားပါတယ်။

အစ္စရေး-လက်ဘနွန် နယ်စပ်မှာလည်း တင်းမာမှု ဆက်လက်ရှိနေပြီး Hezbollah က အစ္စရေးတပ်များ လက်ဘနွန်တောင်ပိုင်းမှ မဆုတ်ခွာသရွေ့ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာထားသလို၊ အစ္စရေးကလည်း Hezbollah လက်နက်မဖြုတ်မချင်း တပ်များကို ဆက်လက်ထားရှိသွားမယ်လို့ အတည်ပြုထားပါတယ်။


Source: CENCOM, AP, Aljazeera



 
 
 

Comments


bottom of page