အမ်ဘာပေရဲ့ စံချိန်သစ်သွင်းဂိုးများနှင့်အတူ ဆွီဒင်ကို ၃-၀ ဖြင့်နိုင်ပြီး ပြင်သစ် နောက်တစ်ဆင့်တက်
- thevoiceofchinland
- Jul 2
- 1 min read
VOC / Sports / June 30, 2026
၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်းအဆင့်မှာ ပြင်သစ်အသင်းက ဆွီဒင်ကို ၃-၀ ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူပြီး ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ၁၉၉၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲလည်း ဖြစ်ပါတယ်။
MetLife ကွင်းထဲမှာ ကစားခဲ့တဲ့ ဒီပွဲမှာ အမ်ဘာပေ (Kylian Mbappé) က ၄၅ မိနစ်နဲ့ ၇၄ မိနစ်တွေမှာ နှစ်ဂိုးသွင်းခဲ့ပြီး၊ ၅၉ မိနစ်မှာတော့ ဘာကိုလာ (Bradley Barcola) က တစ်ဂိုး ထပ်သွင်းခဲ့တာပါ။
ဒီဂိုးတွေနောက်ကွယ်က ပံ့ပိုးရှင်ကတော့ နှစ်ဂိုးစလုံးကို ကွက်တိဖန်တီး (Assist) ပေးခဲ့တဲ့ အိုလီဆေး (Michael Olise) ပဲ ဖြစ်ပါတယ်။ သူဟာ ဒီပြိုင်ပွဲမှာတင် Assist ၅ ကြိမ်အထိ ရှိသွားပြီမို့ ၁၉၉၄ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာ ဖန်တီးမှုအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒီပွဲမှာ အမ်ဘာပေကတော့ တကယ့်ကို စံချိန်တွေ ရိုက်ချိုးသွားခဲ့တာပါ။ သူဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲတွေမှာ သူ့ရဲ့ ၉ ဂိုးနဲ့ ၁၀ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့လို့ ဘရာဇီးဂန္တဝင်တွေဖြစ်တဲ့ ပီလီ၊ လီယိုနီဒက်စ်နဲ့ ရော်နယ်ဒိုတို့ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ ရှုံးထွက်အဆင့် "ပထမဆုံး ၁၀ ဂိုးပြည့်တဲ့" ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး၊ ကမ္ဘာ့ဖလား ၁၈ ပွဲမှာတင် ၁၈ ဂိုး ရောက်လာပြီမို့ သမိုင်းတစ်လျှောက် ဂိုးအများဆုံးစာရင်းရဲ့ ဒုတိယနေရာကို တက်လာပြီး ထိပ်ဆုံးက မက်ဆီ (Lionel Messi) ရဲ့ ၁၉ ဂိုးစံချိန်ကို မှီဖို့ တစ်ဂိုးပဲ လိုပါတော့တယ်။ လက်ရှိ ဒီနှစ်ပြိုင်ပွဲမှာလည်း ၆ ဂိုးနဲ့ ရွှေဖိနပ်ဆုအတွက် မက်ဆီနဲ့အတူ ပူးတွဲဦးဆောင်နေပါတယ်။
ပွဲတစ်လျှောက်လုံးမှာ ပြင်သစ်က ဂိုးပေါက်ကန်သွင်းမှု ၂၅ ကြိမ်အထိ လုပ်ပြီး ပွဲကို အပိုင်စီးထားခဲ့တာပါ။ ဆွီဒင်ကတော့ ၇ ကြိမ်ပဲ ကန်ခွင့်ရခဲ့ပြီး အသင်းရဲ့ အန္တရာယ်အရှိဆုံး တိုက်စစ်မှူးတွေဖြစ်တဲ့ ဂယိုကီးရက်စ်နဲ့ အီဆပ်တို့လည်း ပြင်သစ်ခံစစ်အောက်မှာ လှုပ်လို့မရဘဲ ပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရပါတယ်။
မိခင်ဈာပနကြောင့် အုပ်စုနောက်ဆုံးပွဲကို လွဲချော်ခဲ့ပြီး ဒီပွဲမှ အသင်းကို ပြန်ကိုင်ရတဲ့ နည်းပြ ဒီဒီယာ ဒေရွှမ့် (Didier Deschamps) ကတော့ “ကျွန်တော်တို့မှာ အောင်မြင်ရမယ့် ရည်မှန်းချက်တစ်ခု ရှိပါတယ်” လို့ ပွဲအပြီးမှာ ပြတ်ပြတ်သားသား ပြောသွားခဲ့ပါတယ်။
အခုဆိုရင် ပြင်သစ်အသင်းဟာ လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ပါရာဂွေးအသင်းနဲ့ ၁၆ သင်းအဆင့် ထိပ်တိုက်တွေ့ရမှာဖြစ်ပြီး၊ အဲ့ဒီပွဲမှာ နိုင်တဲ့အသင်းက ကွာတားဖိုင်နယ်မှာ ကနေဒါ သို့မဟုတ် မော်ရိုကိုအသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN




Comments