“အမှန်တရားကို ကာကွယ်ရပါမယ်၊ အဲဒီအမှန်တရားကို ဖော်ထုတ်ပေးနေတဲ့ သူတွေကိုလည်း ကာကွယ်ပေးရပါမယ်” ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်
- thevoiceofchinland
- May 4
- 1 min read
VOC/ May 3, 2026
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တို နီယို ဂူတာရက်စ်က ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ် ခွင့်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ “ ကမ္ဘာတစ်ဝှမ်းက မီဒီယာသမားတွေဟာ ဆင်ဆာဖြတ်တောက်မှု၊ နှောင့်ယှက် ဟန့်တားမှုတွေနဲ့ အသက်အန္တရာယ်အထိတောင် စိုးရိမ်ရတဲ့ အန္တရာယ်တွေ ရင်ဆိုင်နေကြရပြီး အမှန်တရားကို ကာကွယ်ကြဖို့ နဲ့ အဲဒီအမှန်တရားကို ဖော်ထုတ်ပေးနေတဲ့ သူတွေကိုလည်း ကာကွယ်ပေးရမယ်လို့ပြောဆိုသွားပါတယ်။
လွတ်လပ်ခွင့်အားလုံးဟာ သတင်းလွတ်လပ်ခွင့်အပေါ်မှာ မူတည်နေပြီး သတင်းလွတ်လပ်ခွင့်သာ မရှိရင် လူ့အခွင့်အရေးတွေ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ငြိမ်းချမ်းရေးဆိုတာလည်း ရှိလာနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကျွန်တော်တို့အားလုံး သတင်းထောက်တွေနဲ့အတူ ရပ်တည်ကြဖို့နဲ့ အမှန်တရားကို သိခွင့်ရှိတဲ့ လူတိုင်းရဲ့ အခွင့်အရေးကို လည်း အတူတူ ကာကွယ်ကြရဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းသွားပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders - RSF) ရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှု အညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံထက်ဝက်ကျော်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေဟာ ၂၅ နှစ်အတွင်းမှာ အဆိုး ရွားဆုံးအဆင့်ကိုရောက်နေပြီး “ခက်ခဲသော” ဒါမှမဟုတ် “အလွန်အမင်း ဆိုးရွားပြင်းထန်သော” အဆင့်တွေ ကိုရောက်ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ မှာ သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့် ၁၆၆ နေရာမှာရှိပြီး ဒါဟာ အဆိုးရွားဆုံး အခြေအနေကိုရောက်ရှိနေ ပါတယ်။
ယခုလက်ရှိမှာလည်း မြန်မာနိုင်ငံမှာ အာဏာသိမ်းစကတည်းက သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးအရေးယူခံခဲ့ရပြီး ၄၁ ဦးဟာ ဒီကနေ့အထိ အကျဉ်းချခံထားရဆဲဖြစ်တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့စာရင်းအရ သိရပါတယ်။




Comments