အပြီးသတ်ငြိမ်းချမ်းရေးမရသေးပေမယ့် အမေရိကန်နဲ့ အီရန်တို့ ရေတိုသဘောတူညီမှုတစ်ရပ် ရဖို့ဆွေးနွေး
- thevoiceofchinland
- 5 days ago
- 1 min read
VOC/ May 7, 2026
အမေရိကန်နဲ့ အီရန်တို့ဟာ နှစ်နိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို ရပ်တန့်နိုင်ဖို့အတွက် ကန့်သတ်ချက်ရှိတဲ့ ရေတိုသဘောတူညီမှုတစ်ရပ်ရဖို့ ဆွေးနွေးအဖြေရှာနေပြီး နီးစပ်မှုတော့ ရှိနေပြီလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လက်ရှိဆွေးနွေးနေတဲ့ အစီအစဉ်က ပြည့်စုံတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်မျိုးအတွက် မဟုတ်ဘဲ ကာလတို နားလည်မှုစာချွန်လွှာ (memorandum) ပုံစံဖြစ်နေပြီး နှစ်ဖက်ကြား သဘောထားကွဲလွဲမှုတွေ ဆက်ပြီးရှိနေသေးလို့ ယာယီသဘောတူညီမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အမေရိကန်ဘက်က Project Freedom အစီအစဉ်ကို အင်္ဂါနေ့ကတည်းက ရပ်ဆိုင်းထားပြီး အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ အတည်ပြုထားပါတယ်။
အဆိုပြုထားတဲ့ မူကြမ်းထဲမှာ တိုက်ပွဲတွေ ရပ်ဖို့ပါဝင်ပေမယ့် အဓိကအငြင်းပွားနေတဲ့ အချက်တွေကိုတော့ မဖြေရှင်းရသေးဘူးလို့ ဆိုပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ အရည်အသွေးမြင့် uranium သိုလှောင်မှုတွေ ဘယ်လိုလုပ်မလဲ၊ နျူကလီးယားလုပ်ငန်းတွေ ဘယ်လောက်ကြာ ရပ်မလဲဆိုတဲ့ အချက်တွေမှာ သဘောထားကွဲလွဲနေတာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။
ကြားဝင်ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန်အစိုးရ အရာရှိတစ်ဦးက “အဓိကက စစ်ပွဲအပြီးသတ်ရပ်တန့်ကြောင်း ကြေညာဖို့ပါပဲ။ ကျန်တဲ့ကိစ္စတွေကို တိုက်ရိုက်ဆွေးနွေးမှု ပြန်စပြီးမှ ဆက်ညှိနိုင်ပါတယ်” လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tahir Andrabi က “သဘောတူညီချက် မကြာခင်ရလာမယ်လို့ မျှော်လင့်ထားပါတယ်” လို့ Islamabad မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ ယာယီသဘောတူညီချက်ကို အဆင့် ၃ ဆင့်နဲ့လုပ်ဆောင်သွားမှာဖြစ်ပြီး - (၁) စစ်ပွဲ တရားဝင်အဆုံးသတ်ကြောင်း ကြေညာဖို့ ၊ (၂) Strait of Hormuz အရေးအခင်းကို ဖြေရှင်းဖို့ ၊
(၃) ပိုကျယ်ပြန့်တဲ့ သဘောတူညီချက်အတွက် ရက် ၃၀ ဆွေးနွေးမယ့်ကာလ စတင်ဖို့ ဆိုပြီး ဖြစ်ပါတယ်။
ဒီသတင်းထွက်ပေါ်လာတဲ့နောက်မှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုတွေ တိုးလာပြီး ကမ္ဘာ့စတော့ဈေးကွက်တွေ မြင့်တက်လာသလို ရေနံဈေးတွေလည်း ကျဆင်းခဲ့ပါတယ်။ Brent crude ရေနံဈေးဟာ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်စည်ကို ဒေါ်လာ ၉၈ ဝန်းကျင်အထိ ရောက်လာခဲ့ပါတယ်။
Source - Reuters, The Wall Street Journal




Comments