အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှာ စစ်အုပ်စုရဲ့လူ့အခွင့်အရေးချိုးဖောက်တွေကို အရေးယူရန် ဆုံးဖြတ်
- thevoiceofchinland
- 24 hours ago
- 1 min read
VOC/ June 12, 2026
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပပြုလုပ်တဲ့ ၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labour Conference - ILC) မှာ အကြမ်းဖက်စစ်အုပ်စုကို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဆက်လက်အရေးယူရန် ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။
ဇွန်လ ၁ ရက်ကနေ ၁၂ ရက်နေ့အထိ ကျင်းပနေတဲ့ ၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမားအခွင့် အရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး "မြန်မာနိုင်ငံ ဆိုင်ရာ အထူးအစည်းအဝေး" တစ်ရပ်ကို ကျင်းပခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ချိုးဖောက်မှုတွေအပေါ် အနီးကပ် စောင့်ကြည့် အရေးယူမယ့် ဆုံးဖြတ်ချက်တွေကို အတည်ပြုချမှတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအထူးအစည်းအဝေးမှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်ကာကွယ်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၈၇) နဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း အမှတ် ၂၉ တို့ကို စစ်အုပ်စုက လိုက်နာခြင်းမရှိဘဲ ပြင်းထန်စွာ ချိုးဖောက်နေတဲ့အပေါ် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အထူးသဖြင့် စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း အရပ်ဘက်လွတ်လပ်ခွင့်တွေ ပျက်စီးယိုယွင်းလာတာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အကြမ်းဖက်တာ၊ မတရားဖမ်းဆီး ညှဉ်းပန်း ခြိမ်းခြောက်မှုတွေကို အလွန်အမင်းစိုးရိမ်တယ်လို့ ILC ညီလာခံကဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ကလေးငယ်တွေကို အဓမ္မစစ်မှုထမ်းစုဆောင်းတာနဲ့ အခြားအဓမ္မလုပ်အားပေးခိုင်းစေမှုတွေကိုလည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံက ရှုတ်ချခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် ဘယ်လို အကောင်အထည် ဖော်ဆောင်ရွက်ထားတယ်ဆိုတဲ့အချက်အလက်အပြည့်အစုံကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ ထက် နောက်မကျ စေဘဲ ILO ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရန် တောင်းဆိုထားတယ်လို့ဆိုပါတယ်။
အဆိုပါ တင်ပြချက်တွေကို လာမယ့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပမယ့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးမှာတင်ပြဆွေးနွေးသွားမယ်လို့ သိရပါတယ်။






Comments