အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ အပစ်အခတ်ရပ်စဲရန် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိ
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 19, 2026
အစ္စရေး နဲ့ လက်ဘနွန်နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီလို့ အစ္စရေးစစ်တပ် (IDF)နဲ့ အမေရိကန်အစိုးရတို့က အတည်ပြုလိုက်ပါတယ်။
အခုလိုကြေညာချက်ဟာ အစ္စရေးရဲ့ ညလုံးပေါက်တိုက်ခိုက်မှုကြောင့် တောင်ပိုင်း လက်ဘနွန်မှာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်တစ်ရက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အီရန်တို့ ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်အပြီး နောက်တရက်မှာ လက်ဘနွန်နဲ့ အစ္စရေးတို့ရဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ဇွန်လ ၁၉ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ စတင်တဲ့ အပစ်အခတ်ရပ်စဲမှုကို အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ သဘောတူညီခဲ့ကြောင်း အတည်ပြုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ “ဒီနေ့အစောပိုင်းက အပြန်အလှန်ပစ်ခတ်မှုအပြီးတွင် အစ္စရေး နဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အပစ်အခတ်ရပ်စဲရေးမှာ ရှိနေပြီလို့ ကျွန်တော်တို့ နားလည်ပါတယ်" လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာ စစ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်နေပြီလို့ ပြောဆိုထားပေမယ့် လူမှုကွန်ရက်တွေမှာတော့ IDF ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတယ်ဆိုတဲ့ ဗီဒီယိုတွေနဲ့ သတင်းတွေ ဆက်လက်ပေါ်ထွက်နေပါတယ်။
IDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Effie Defrin က ကြေညာချက်တစ်စောင်မှာ "ကျွန်တော်တို့ဟာ အပစ်အခတ်ရပ်စဲရေးမှာ ရှိနေပါတယ်။ လိုအပ်လာရင် ဆက်လက်တိုက်ခိုက်ဖို့ IDF က အသင့်ရှိနေပါတယ်" လို့ ပြောကြားပါတယ်။
အမေရိကန်-အီရန် သဘောတူညီချက်ရဲ့ ပထမအချက်မှာ လက်ဘနွန်အပါအဝင် စစ်မျက်နှာစာအားလုံးမှာ စစ်ရေးလုပ်ငန်းများကို ချက်ချင်းနဲ့ အပြီးအပိုင် ရပ်ဆိုင်းကြောင်း ကြေညာထားပါတယ်။ ဒါ့အပြင်လက်ဘနွန်ရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာ ကို သေချာစေဖို့ ကတိကဝတ်လည်း ပြုထားပါတယ်။ အစ္စရေးဝန်ကြီးချုပ်ကတော့ တောင်ပိုင်းလက်ဘနွန်မှ ချက်ချင်းဆုတ်ခွာဖို့ကို ငြင်းဆိုခဲ့ပြီး အစ္စရေးတပ်ဖွဲ့တွေဟာ လိုအပ်သလောက် ဆက်ရှိနေမယ်လို့ ဆိုပါတယ်။
Source - BBC News, Reuters




Comments