အစ္စရေးနှင့် လက်ဘနွန် ငြိမ်းချမ်းရေးအတွက် မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပြီးစီးကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးကြေညာ
- thevoiceofchinland
- Jun 30
- 1 min read
VOC/ June 27, 2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်၊ သောကြာနေ့က အမေရိကန်ဆိုင်ရာ အစ္စရေးနဲ့ လက်ဘနွန်သံအမတ်ကြီးများနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးဆီသို့ ပထမခြေလှမ်းအဖြစ် ဖော်ပြထားသည့် မူဘောင်သဘောတူညီချက်ကို နိုင်ငံခြားရေးဌာနမှာ လက်မှတ်ရေးထိုးပြီးစီးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ကြေညာပါတယ်။
သဘောတူညီချက်နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မျှဝေခြင်းမရှိဘဲ ဟစ်ဇ်ဘိုလာတပ်ဖွဲ့နဲ့ပတ်သတ်ပြီး မပါဝင်ဘူးလို့ သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဒီမူဘောင်က လက်ဘနွန်တပ်ဖွဲ့တွေဟာ အစ္စရေးစစ်တပ်လက်ရှိတပ်စွဲထားတဲ့ နယ်မြေတွေကို ပြန်ပြီး ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဆိုင်ရာ အစ္စရေးသံအမတ်ကြီး Yechiel Leiter နဲ့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ လက်ဘနွန်သံအမတ်ကြီးNada Hamadeh တို့က ဝါရှင်တန်ရှိ Rubio ရှေ့မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
မူဘောင်ထဲမှာ “လက်ဘနွန်အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ပြန်လည်ထူထောင်ရန်၊ ရန်လိုမှုများကို အပြီးအပိုင်ရပ်ရန်၊ နောက်ဆုံးအပစ်အခတ်ရပ်စဲရန်၊ လက်ဘနွန်ပြည်သူများ မိမိနယ်မြေများဆီ ပြန်သွားနိုင်စေရန် နဲ့ လက်ဘနွန်နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ၊ လုံခြုံစွာနဲ့ ချမ်းသာစွာနေထိုင်နိုင်ရန်” တို့ ပါဝင်တယ်လို့ Hamadeh က ပြောဆိုထားပါတယ်။
နှစ်နိုင်ငံကြား နောက်ဆုံးပဋိပက္ခဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ အမေရိကန်က အီရန်ကို စစ်ပွဲစတင်ပြီး ရက်အနည်းငယ်အကြာမှာ ဟစ်ဇ်ဘိုလာက အစ္စရေးကို ရော့ကက်တွေ ပစ်ခတ်ပြီးနောက် စတင်ခဲ့တာဖြစ်ပါတယ်။
အီရန်နဲ့ အမေရိကန်ကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပြီးသတ်နိုင်ဖို့မှာလည်း အစ္စရေး -လက်ဘနွန်အရေးလည်း ပါဝင်နေပါတယ်။ ဆွစ်ဇာလန်မှာ အမေရိကန်-အီရန်ဆွေးနွေးပွဲများ စတင်ချိန်နဲ့ လက်ဘနွန်မှာ တိုက်ခိုက်မှုတွေ ပထမဆုံး ရပ်တန့်ချိန်က တိုက်ဆိုက်နေပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hassan Fadlallah က လက်နက်စွန့်မှာမဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပေမယ့် လက်ဘနွန်သမ္မတ Joseph Aoun ကတော့ ထရမ့်အစိုးရနဲ့ လက်ဘနွန်ညှိနှိုင်းရေးမှူးတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။
လက်ဘနွန်မြို့တော် ဘေရွတ်တွင် ဟစ်ဇ်ဘိုလာ ထောက်ခံသူများသည် အစ္စရေးနှင့် လက်ဘနွန်အကြား အမေရိကန်ကြားဝင်ညှိနှိုင်းပေးထားသော မူဘောင်သဘောတူညီချက်ကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြတယ်။
Source - C Span, Politio




Comments