အစ္စရေးကို အီရန် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ပြီးနောက် အပစ်အခတ်ရပ်စဲရေး လုံးဝ ပျက်ပြယ်ဖွယ်ရှိနေ
- thevoiceofchinland
- Jun 8
- 1 min read
VOC/ June 8, 2026
ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ဇွန်လ ၇ ရက်နေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အခုလိုတိုက်ခိုက်မှုကြောင့် ပြင်းထန်သော စစ်ပွဲများ ပြန်လည်ဖြစ်လာဖို့ မြင့်တက်လာပြီး စစ်ပွဲအဆုံးသတ်ဖို့ ကြားဝင်စေ့စပ်ပေးနေတဲ့ ကြိုးပမ်းမှုတွေလည်း ပိုပြီးရှုပ်ထွေးခဲ့ပါတယ်။
အီရန်သတင်းဌာနများက တိုက်ခိုက်မှုကို အတည်ပြုထားပြီး အနောက်ဘက် လေပိုင်နက်ကို ပိတ်ထားပါတယ်။
အစ္စရေးစစ်တပ်က အမေရိကန်ရဲ့ တောင်းဆိုချက်ကို ဆန့်ကျင်ပြီး လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် အီရန်က လက်တုံ့ပြန်မယ်လို့ သတိပေးပြီး ဝင်ရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။
"ဒီလို ရန်လိုကျူးကျော်မှုတွေ ထပ်မံဖြစ်ပွားလာမယ်ဆိုရင် တုံ့ပြန်မှုတွေဟာ ပိုမိုကျယ်ပြန့်လာမှာဖြစ်ပြီး ဒေသတွင်းမှာရှိတဲ့ အမေရိကန်နဲ့ ဇီယွန်ဝါဒီ (အစ္စရေး) ရဲ့ ပန်းတိုင်တွေအားလုံးကို လွှမ်းခြုံတိုက်ခိုက်သွားမှာ ဖြစ်ပါတယ်" လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားထားပါတယ်။
ဒီထုတ်ပြန်ချက်မှာ လက်ဘနွန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ၊ အီရန်ကမ်းရိုးတန်းနဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တဝိုက်ရှိ သင်္ဘောများကို တိုက်ခိုက်မှုများကို ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံအတွင်းက ဒေသအများအပြားမှာလေကြောင်းရန်သတိပေး ဥဩသံများ ထွက်ပေါ်ခဲ့ပြီး လူသန်းပေါင်းများစွာ ဘေးလွတ်ရာ ဗုံးခိုကျင်းများဆီသို့ ထွက်ပြေးပုန်းအောင်းခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အစ္စရေးစစ်တပ်ကမူ ဒုံးကျည်များကို ကြားဖြတ်ဟန့်တားတယ်လို့ ထုတ်ပြန်ပြီး တစ်နာရီမပြည့်မီအချိန်တွင် စစ်တပ်က ပြည်သူများအနေဖြင့် ဒုံးကျည်ဒဏ်ခံ အဆောက်အအုံများအတွင်းမှ ပြန်လည်ထွက်ခွါနိုင်ကြောင်း ကြေညာထားပါတယ်။
ယင်းတိုက်ခိုက်မှုဖြစ်ပွါးနေစဉ်အတွင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဒုံးကျည်ပစ်ခတ်မှုနှင့်အတူ နိုင်ငံအတွင်းမှ ပြည်သူများ အောင်ပွဲခံနေသည့် ရုပ်သံမှတ်တမ်းများကို ထုတ်လွှင့်ပြသခဲ့ပါတယ်။
Source - CBS




Comments