အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုမပေးဖို့ အိန္ဒိယကို NUG တောင်းဆို
- thevoiceofchinland
- May 29
- 1 min read
VOC/ May 28, 2026
မတရားစစ်အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုမပေးဖို့ အိန္ဒိယအစိုးရကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က စာရေးသားတောင်းဆိုလိုက်ပါတယ်။
ဒီရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံကို သွားရောက်မယ့် အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး များစွာစိုးရိမ် ကြောင်း နဲ့ ကန့်ကွက်ကြောင်း သဝဏ်လွာကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က မေ ၂၇ ရက်စွဲနဲ့ ပေးပို့ခဲ့တယ်လို့သိရပါတယ်။
မတရားအာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစတင်ပြီး မြန်မာနိုင်ငံမှာ ရှည်လျားတဲ့ ပဋိပက္ခ ၊ မတည်ငြိမ်မှုတွေ နဲ့ ကြီးမားလှတဲ့ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ဒုက္ခဝေဒနာတွေကို ခံစားနေကြရပြီး ဒီလို အခြေအနေတွေမှာ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုပေးတယ်လို့ ရှုမြင်နိုင်တဲ့ ဘယ်လိုထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်သင့်ဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံပေးပို့တဲ့စာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ လုပ်မယ့် ဘယ်လိုရွေးကောက်ပွဲမျိုးမဆို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရဲ့ တရားဝင်မှုကို ကျော်လွန်လို့မရနိုင်သလို၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ပုံဖော်ပေးမယ့် ရွေးကောက်ပွဲကို အိန္ဒိယနိုင်ငံအနေနဲ့ မထောက်ခံဖို့ကိုလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးတို့ကို ရေရှည် လက်ကိုင်ထားခဲ့တဲ့ နိုင်ငံဖြစ်တာကြောင့်၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ပုံမှန်လိုမျိုးဖြစ်သွားစေမယ့် ဒါမှမဟုတ် တရားဝင်မှုပေးသလိုဖြစ်စေမယ့် ထိတွေ့ဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကို သေချာစွာစဉ်းစားချင့်ချိန်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အာဏာကို အဓမ္မလုယူပြီး ထူထောင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတဲ့ စံနမူနာဆိုးကို အားမပေးဖို့လည်း အိန္ဒိယနိုင်ငံကို အလေးအနက် မေတ္တာရပ်ခံထားပါတယ်။
အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြားက ရေရှည်ချစ်ကြည်ရေးဟာ နိုင်ငံအချင်းချင်း ဆက်ဆံရေးထက် ပြည်သူအချင်းချင်း ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်တွေအပေါ်မှာ အခြေခံနေတာဖြစ်ပြီး၊ ရေရှည်တည်တံ့တဲ့ မိတ်ဖက်ပြုမှုဆိုတာ မျှဝေခံစားတတ်တဲ့ ဒီမိုကရေစီတန်ဖိုးတွေ၊ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် လေးစားမှုတွေနဲ့သာ အကောင်းဆုံး တည်ဆောက်နိုင်မှာဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ ဒီမိုကရေစီအခြေခံမူတွေ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ မြန်မာ ပြည်သူတို့ရဲ့ မျှော်မှန်း ချက်တွေကို အလေးထားတဲ့ နည်းလမ်းမျိုးနဲ့ပဲ ဆက်လက်ထိတွေ့ဆက်ဆံပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ယခုလို အရေးကြီးတဲ့ အချိန်အခါမျိုးမှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးခြင်းဟာ ဒီမိုကရေစီတန်ဖိုးတွေကို ပြန်လည်အတည်ပြုရာရောက်ရုံတင်မကဘဲ၊ နောင်အနာဂတ်မှာ နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းပြီး ခိုင်မာတဲ့ မိတ်ဖက် ပြုမှုအတွက် အခြေခံအုတ်မြစ် ကိုပါ ခိုင်မာစေမှာဖြစ်တယ်လို့ NUG အစိုးရက တောင်းဆိုထားပါတယ်။
အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး မိမိကိုယ့်ကို သမ္မတအဖြစ် ခန့်အပ်တင်မြောက်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ မေလ ၃၀ ရက်နေ့မှာ နယူးဒေလီမြို့ကိုရောက်ရှိလာမယ်လို့ အိန္ဒိယသတင်းဌာနတွေကဖော်ပြကြပြီး ဒါဟာ သမ္မတရာထူးရယူ ပြီးနောက် ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး နယူးဒေလီရောက် မြန်မာအင်အားစုတွေကတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြဖို့ ပြင်ဆင်ထားကြပါတယ်။




Comments