top of page

အကြမ်းဖက်စစ်အုပ်စုက ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၂၀၀၀ နီးပါးကျူးလွန်ခဲ့ဟု Insecurity Insight ထုတ်ပြန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 20, 2026


မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ အထိ ၅ နှစ်ကျော်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၉၂၅ ကြိမ်ထက်မနည်း စံချိန်တင်ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးရုံ၊ ဆေးခန်းများနဲ့ လူနာတင်ယာဉ်တွေကို အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခံရမှု အခြေအနေအသေးစိတ်ကို Insecurity Insight အဖွဲ့က မေလ ၁၉ ရက်နေ့မှာ အစီရင်ခံ စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်အရ ၅ နှစ်ကျော်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကြောင့် အနည်းဆုံး ကျန်းမာရေးဝန်ထမ်း ၁၇၃ ဦး သေဆုံးခဲ့ရပြီး၊ ၉၃၀ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ဖော်ပြပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံနဲ့ ဆေးရုံ၊ ဆေးခန်းတွေ ထိခိုက်ပျက်စီးခံရတဲ့ အကြိမ်ရေ ၅၀၀ ကျော် ရှိခဲ့ပြီး မိခင်နဲ့ ကလေးကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ လုပ်ငန်းစဉ်တွေအပေါ် တိုက်ခိုက်ခံရမှုပေါင်း ၅၃ ကြိမ်အထိ ရှိခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပြီး ကျန်းမာရေးကဏ္ဍကို ထိခိုက်စေတဲ့ တိုက်ခိုက်မှုပေါင်း ၈၂ ကြိမ်အထိ ရှိခဲ့တယ်လို့လည်းဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ပြည် သူတွေနဲ့ ဒေသခံတွေကို ဆေးဝါးကုသပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆေးဝန်ထမ်းတွေဟာလည်း ဘေးကင်းလုံခြုံမှုမရှိဘဲ အသက်အန္တရာယ်ကြားကနေ လုပ်ကိုင်နေရဆဲဖြစ်တယ်လို့ Insecurity Insight ကထောက် ပြထား ပါတယ်။

Insecurity Insight ဟာ ကမ္ဘာတစ်ဝန်းလုံးက ပဋိပက္ခများနှင့် အန္တရာယ်ရှိသော အရပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုတွေကို အချက်အလက်အခြေပြု လေ့လာဆန်းစစ်ပြီး အစီရင်ခံစာတွေ ထုတ်ပြန် ပေးနေတဲ့ အကျိုးအမြတ်မယူသော နိုင်ငံတကာအဖွဲ့အစည်း (NGO) တစ်ခု ဖြစ်ပါတယ်။



 
 
 

Comments


bottom of page