top of page

အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အမြွှာကိုယ်ဝန်ဆောင်အမျိုးသမီး(၁) ဦးနှင့် ကလေးငယ် (၁) ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ June 25, 2026


ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်ထဲမှာ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမြွှာကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး နဲ့ ကလေးငယ် ၁ ဦး တို့ သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟို ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။

ဇွန်လ (၂၂) ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ (၃) က လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပဏ္ဍိကုန်းကျေးရွာနေ ကိုငယ်ရဲ့ နေအိမ် ထိမှန်မီးလောင်ပျက်စီးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဇင်မာစိုး (အသက် ၄၁ နှစ်) သည် လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပါတယ်။ ဒေါ်ဇင်မာစိုးမှာ ကိုယ်ဝန် (၇) လရှိသူဖြစ်ပြီး ဗိုက်ထဲက အမွှာသမီး (၂) ဦးလည်း အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဏ္ဍိကုန်းကျေးရွာနေ ကိုမောင်လေး (အသက် ၃၂ နှစ်) မှာ ဘယ်ဘက်ပေါင်မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ မိစနေ (အသက် ၁၁ နှစ်) မှာ လက်နက်ကြီးကျည်စထိမှန် သေဆုံးကာ အခြားသမီးဖြစ်သူ မိယွန်း (အသက် ၅ နှစ်) မှာလည်း ကျောပြင်မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပဏ္ဍိကုန်းကျေးရွာနေ ဦးမောင်မောင် ပိုင်ဆိုင်တဲ့ နွား (၁) ကောင် သေဆုံးခဲ့ပြီး ဦးတက်တိုး ပိုင်ဆိုင်တဲ့ နွား (၁) ကောင်လည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ အချိန်တွေမှာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး အပြစ်မဲ့ အရပ်သားပြည်သူ တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အသိပေးထုတ်ပြန် ပါတယ်။



 
 
 

Comments


bottom of page