အကြမ်းဖက်စစ်တပ်ရဲ့ ဖွံ့ဖြိုးရေးအကူအညီ တောင်းခံမှုကို ဂျပန် ပယ်ချသင့်ဟု HRW ပြော
- thevoiceofchinland
- Jul 3
- 1 min read
VOC/ July 3, 2026
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုပေးအပ်မယ့် ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်လည်စတင်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးရဲ့ တောင်းဆိုမှုကို ဂျပန်အစိုးရအနေနဲ့ ပယ်ချသင့်တယ်လို့ Human Rights Watch (HRW) က ယနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်ခိုင်ခိုင်စိုးက ဂျပန်နိုင်ငံအနေနဲ့ အကူအညီသစ်တွေပေးအပ်ဖို့ ဆက်လက်ဆိုင်းငံ့ထားရင် ပြည်သူတွေထိခိုက်နစ်နာနိုင်ပြီး ဒါကြောင့် ဖွံ့ဖြိုးရေး အကူအညီတွေပြန်စဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြည်သူတွေရဲ့ လူမှုစီးပွားဘဝအပေါ် စိုးရိမ်ပူပန်းကြောင်း ပြောဆိုခဲ့တာဟာ စစ်တပ်ရဲ့လုပ်ရပ်နဲ့ လုံးဝဆီလျော်မှုမရှိဘူးလို့ HRW ကပြောပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှု တွေ မြောက်စေတဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို စစ်သားနဲ့ လက်နက်တွေ သယ်ယူ ပို့ဆောင်ရာမှာ ဂျပန်နိုင်ငံက ရန်ပုံငွေပံ့ပိုးထားတဲ့ အရပ်ဘက်သုံး ရေယာဉ်တွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ လည်း HRW ကပြောပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ သုတေသနပြုချက်အရ ဂျပန်နိုင်ငံရဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက် ရေးစီမံကိန်းကတစ်ဆင့် စစ်တပ်ပိုင်စီးပွားရေး အစုအဖွဲ့တစ်ခုဟာ ဘဏ္ဍာရေးအရ အကျိုးအမြတ်ရရှိခဲ့တာ တွေ့ရှိရ တယ်လို့ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ဟာ သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီစီးဆင်းမှုကို အကြိမ်ကြိမ် ပိတ်ဆို့ဟန့်တားခဲ့တယ်လို့လည်းပြောပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ကျူးလွန်နေသရွေ့ ဂျပန်အစိုးရ အနေနဲ့ ဖွံ့ဖြိုးရေးအကူအညီအသစ်တွေကို ပြန်လည်မစတင်သင့်ဘူးလို့ HRW ကတိုက်တွန်းပါတယ်။
အဲဒီအစား ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်စီးပွားရေးအုပ်စုတွေကို ပစ်မှတ်ထားအရေးယူ မှုတွေ ပိုမိုတင်းကျပ်ပြီး မြန်မာစစ်တပ်အပေါ် ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခအပေါ် အမှန်တကယ် စိုးရိမ်ပူပန်မှုရှိတယ်ဆိုရင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို ၊ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့ နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ စီးဆင်းခွင့်ပြုဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်နားလည် သင့်တယ်လို့ HRW က ထောက်ပြပါတယ်။
ဂျပန်နိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာနိုင်ငံကို ပေးအပ်မယ့် ဖွံ့ဖြိုးရေးအကူ အညီတွေ အထူးသဖြင့် ရေရှည်အစိုးရစီမံကိန်းအတွက် ပံ့ပိုးကူညီမှုတွေကို ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။
Source- Human Rights Watch




Comments