အကြမ်းဖက်စစ်တပ်ရဲ့ငြိမ်းချမ်းရေးအဖွဲ့ (NSPNC) က "ဝ" တပ်ဖွဲ့ကိုသွားရောက်တွေ့ဆုံ
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 19, 2026
အကြမ်းဖက်စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုကော်မတီအဖွဲ့ (NSPNC)ဟာ “ဝ”ဒေသကိုသွားရောက်ပြီး UWSA/UWSP တပ်ဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ NSPNC အဖွဲ့ဟာ မနေ့ဇွန်လ ၁၈ ရက်က "ဝ" ဒေသမြို့တော်ပန်ဆန်းကိုသွားရောက်ပြီး "ဝ" သွေး စည်းညီညွတ်ရေးတပ်မတော် UWSA/UWSP ခေါင်းဆောင်တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
“ဝ” သတင်းဌာန WSTV ရဲ့ထုတ်ပြန်ချက်အရ တွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒေသဖွံ့ ဖြိုးရေးတို့ကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ (NSPNC) ကိုယ်စားလှယ်အဖွဲ့တွေနဲ့ UWSA/ UWSP ဗဟိုကော်မတီမှဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေက တက်ရောက်ခဲ့ကြပါတယ်။
NSPNC အဖွဲ့ဟာ "ဝ" တပ်ဖွဲ့နဲ့မတွေ့ဆုံခင် ဇွန်လ ၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)လို့ ခေါ်တဲ့ မိုင်းလားတပ်ဖွဲ့ NDAA နဲ့ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ NDAA ဥက္ကဌ ဦးထိန်လင်းက ယခင်ဥက္ကဋ္ဌ ဦးစိုင်းလင်းချမှတ်ခဲ့တဲ့ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုတဲ့ ပင်မလမ်းစဥ်အတိုင်းဆက်လက်ခိုင်မာစွာလျှောက်လှမ်းပြီး တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားတယ်လို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။
မိုင်းလားတပ်ဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ဟာ ၁၉၈၉ ခုနှစ်ဧပြီလမှာ ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မှာ နဝတ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီး၊ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ ပြည်နယ်အဆင့် နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားတဲ့အဖွဲ့ဖြစ်ပါတယ်။
"ဝ" နဲ့ မိုင်းလားတပ်ဖွဲ့ဟာ တိုင်းရင်းသားလက် နက်ကိုင် (၇) ဖွဲ့ပါဝင်ဖွဲ့စည်းထားတဲ့ FPNCC (ဖက်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေးနှင့် အကြံပေးကော်မတီ) အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။










Comments