top of page

အကြမ်းဖက်စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့်ချိရေးအကောင့် ၁၀၀ ကျော်ကို Facebook ဖယ်ရှား

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 25, 2026


အကြမ်းဖက်စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေးအကောင့်ပေါင်း ၁၀၀ ကျော်ကို Facebook ကုမ္ပဏီ က ဖယ်ရှားလိုက်ပါတယ်။

စစ်တပ်ပိုင် Mytel၊ MECtel နဲ့ အရောင်းကိုယ်စားလှယ်တွေ ပိုင်ဆိုင်တဲ့ စာမျက်နှာများ၊ ပရိုဖိုင်အကောင့်များ၊ ဂရုများ နဲ့ MRTV ၊ MWD(မြဝတီ) တို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို ဖြန့်ဖြူးနေတဲ့ အကောင့်အပါအဝင် စုစုပေါင်း ၁၀၉ ခုကို Facebook ကုမ္ပဏီက ဖယ်ရှားခဲ့ တာလို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

ဒီအရေးယူဆောင်ရွက်ဟာ Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က ၂၀၂၁ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ စစ်တပ်ထိန်းချုပ် ထားသော စီးပွားရေးလုပ်ငန်းများနဲ့ မီဒီယာများအ‌ပေါ် ပိတ်ပင်တဲ့မူဝါဒအရ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

Mytel နဲ့ MECtel တို့ဟာ စစ်ရာဇဝတ်ကောင်နှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိန်းချုပ်မှုအောက်က စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့အစိတ်အပိုင်း ဆက်သွယ်ရေး ကွန်ရက်တွေဖြစ်ကြပါတယ်။

MEC ကို အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပါတယ်။

ဒီဆက်သွယ်ရေးကွန်ရက်နှစ်ခုဟာ အကြမ်းဖက်စစ်တပ်အတွက် အခွန်ဝင်ငွေများ ရှာဖွေပေးနေတဲ့အပြင် ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းရေးမှာအသုံးပြုလျက်ရှိပြီး၊ စစ်အုပ်စု ကျူးလွန် လျက်ရှိနေတဲ့ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကို အားပေးကူညီပေးလျက်ရှိတယ်လို့ Justice for Myanmar က ဆိုပါတယ်။

Facebook ကုမ္ပဏီဟာ Mytel နဲ့ အခြားစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့အကောင့်များကို အကြိမ်ကြိမ် ဖယ်ရှားခဲ့ ပေမယ့်လည်း နာမည်အမျိုးမျိုးပြောင်းလဲပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန်လည်ပေါ်ထွက်လေ့ရှိပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်မီကလည်း MRTV ကို ဗီဒီယိုထုတ်လွှင်တဲ့ ပလက်ဖောင်းတွေဖြစ်တဲ့ Twitch နှင့် Kick တို့ကဖယ်ရှားခဲ့ပြီး၊ MWD ကိုတော့ TikTok မှ ဖယ်ရှားခဲ့ပါတယ်။

ဒါမေပယ့် မြန်မာစစ်အုပ်စုရဲ့ အွန်လိုင်းတည်ရှိမှုကို ပိတ်ပင်ရန်အတွက် ပိုမိုထိရောက်သော အရေးယူဆောင်ရွက် ချက်များ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Alphabet၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့် မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းများကို ပလက်ဖောင်းတွေပေါ်ကနေ ပိတ်ပင်တားဆီးကြဖို့ Justice for Myanmar ကတောင်းဆိုထားပါတယ်။



 
 
 

Comments


bottom of page