top of page

အကြမ်းဖက်စစ်တပ်က အဓမ္မစစ်သားစုဆောင်းမှုပိုမိုလုပ်ဆောင်လာတဲ့အပေါ် အာဆီယံပါလီမန်အမတ်အဖွဲ့က ပြင်းထန်စွာကန့်ကွက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 26
  • 1 min read

VOC/ May 26, 2026


အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံတဝန်းလုံးမှာ လူငယ်တွေအပေါ် အဓမ္မစစ်သားစုဆောင်မှု ပိုမိုလုပ် ဆောင်လာတဲ့အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့(APHR) က ပြင်းထန်စွာကန့်ကွက်ရှုတ် ချလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးခဲ့ပြီးကတည်းက ဒီကနေ့ ချိန်ထိ လူဦးရေတစ်သိန်းနှစ်သောင်းအထိ အဓမ္မတပ်သားစုဆောင်းခဲ့တယ်လို့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က မေလ ၂၅ ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့အာဏာ တည်မြဲဖို့အတွက် မြန်မာနိုင်ငံရဲ့ မျိုးဆက်တစ်ခုလုံးကို ခိုးယူနေကြတာဖြစ်ပါတယ်"လို့ အင်ဒိုနီးရှားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နဲ့ APHR ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီ ဘာရန်းဒ်စ် (Mercy Chriesty Barends) က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်တွေရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ သိက္ခာရှိရှိနေထိုင်ပိုင်ခွင့်တွေကိုလည်း အကြမ်းဖက်စစ်တပ်က ရိုက်ချိုးလုယူခဲ့ပြီး၊ ဒါဟာ နိုင်ငံတကာဥပဒေတွေအထင်အရှားချိုးဖောက်နေတာဖြစ်တယ်လို့ APHR ဥက္ကဌကပြောပါတယ်။

ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့ကလည်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အနေ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနပူးပေါင်းပြီး မိသားစုဝင်တစ်ဦးချင်းစီရဲ့ မွေးသက္ကရာဇ်နှင့် အလုပ်အကိုင်တွေပါဝင်တဲ့ မြို့နယ်အလိုက် အိမ်ထောင်စုစာရင်း အသေးစိတ်ကိုအခြေခံတဲ့ စစ်မှုထမ်းရမယ့်သူစာရင်းကို ပြုစုဖို့အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်မှုထမ်းရန် အကျုံးဝင်သူ စုစုပေါင်း ၁၃ သန်းခန့်ရှိတဲ့ လုပ်ငန်းစဉ်ကို စနစ်တကျ တိုးချဲ့လုပ်ဆောင်လာတာဖြစ် တယ်လို့ APHR ကပြောပါတယ်။

၂၀၂၄ ခုနှစ်ကတည်းက လူငယ်တွေဟာ အလုပ်ကအပြန်လမ်းတွေမှာ ပြန်ပေးဆွဲခံရသလို နေအိမ်တွေကနေ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်ခွင့်ပိတ်ပင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

တချို့မိသားစုဝင်တွေဆိုရင် သူတို့ချစ်ရတဲ့ သားတွေ ရှေ့တန်းအပို့ခံပြီး သေဆုံးသွားမှသာ သိရှိကြရပြီး တချို့မှာလည်း ပြန်လည်လွတ်မြောက်လာဖို့အတွက် အိမ်တွေပါ ပေါင်နှံခဲ့ကြရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တပ်ပြေးတွေနဲ့ စစ်မှုထမ်းရန် အတင်းအကျပ်ခေါ်ဆောင်ခံရသူတွေရဲ့ ထွက်ဆိုချက်များအရ စစ်မှုထမ်းအသစ်တွေဟာ စစ်သင်တန်းကို ရက်အနည်းငယ်မျှသာ တက်ရောက်ပြီးနောက် တိုက်ပွဲပြင်းထန်တဲ့ ရှေ့တန်းစစ်မျက်နှာကို တိုက်ရိုက်စေလွှတ်ခံကြရတယ်လို့ သိရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကလည်း အဲဒီအကျပ်အတည်းကို ပိုမိုဆိုးရွားစေလျက်ရှိပြီး ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်လည်နှင်ထုတ်ခဲ့ပြီး အဲဒီထဲက အချို့မှာ အဓမ္မစစ်သားစုဆောင်းခြင်းကို ခံခဲ့ရတယ်လို့ဆိုပါတယ်။

ဒါဟာ နိုင်ငံတကာဥပဒေအရ ဒုက္ခသည်တွေကို ဘေးအန္တရာယ်ရှိရာသို့ အဓမ္မပြန်လည်စေလွှတ်ခြင်း (Refoulement) နှင့် လူကုန်ကူးမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေတယ်လို့ထောက်ပြပါတယ်။

"စစ်ကောင်စီက အရပ်သားတွေကို ပြန်ပေးဆွဲပြီး တိုက်ပွဲဝင်ဖို့ အဓမ္မစေခိုင်းနေတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မျက်ကွယ်ပြုမနေသင့်တော့ပါဘူး။

အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ ညှိနှိုင်းပြီး အခြေခံမူနဲ့အညီ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရပါမယ်။ စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချပြီး တာဝန်ခံမှုရှိစေရမှာ ဖြစ်သလို၊ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရသူ အားလုံးကို ဘေးကင်းစွာ လွှတ်ပေးဖို့နဲ့ မိသားစုတွေထံ မိမိသဘောဆန္ဒ အလျောက် ပြန်လည်ရောက်ရှိနိုင်ရေး သေချာအောင် လုပ်ဆောင်ရပါမယ်" ဟု မလေးရှားနိုင်ငံ ဆူဘန်း (Subang) မြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် APHR ဘုတ်အဖွဲ့ဝင်ဖြစ်သူ ဝမ်ချန်း (Wong Chen) က ပြောပါတယ်။

ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးခြင်းကို ချက်ချင်းရပ်တန့်ရန်နဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်မယ့် ဘေးအန္တရာယ်ရှိရာသို့ အဓမ္မပြန်လည်မစေလွှတ်ရေး (Non-refoulement) မူဝါဒကို လိုက်နာစောင့်ထိန်းရန် လည်း APHR က တိုက်တွန်းထားပါတယ်။

APHR ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်အဖိနှိပ်ခံ အုပ်ချုပ်မှုအောက်မှာ ရုန်းကန်နေရသော မြန်မာပြည်သူ တွေနဲ့ရပ်တည်လျက်ရှိပြီး၊ မြန်မာလူငယ်တွေအပေါ် ပိုမိုပြင်းထန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ဆောင်မှုတွေကို ရပ်တန့်ရန်အတွက် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရေးပေါ်ကူညီဆောင်ရွက်ပေးကြဖို့ တောင်းဆို ထားပါတယ်။



 
 
 

Comments


bottom of page