top of page

အကြမ်းဖက်စစ်တပ်က မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တို့ကို ၁၀ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့၊ ပြည်သူ ၂ ဦးသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 25
  • 1 min read

VOC/ May 23, 2026


ချင်းပြည်တောင်ပိုင်းမြို့တွေဖြစ်တဲ့ မင်းတပ်၊ မတူပီ နဲ့ ကန်ပက်လက်မြို့တို့ကို အကြမ်းဖက်စစ်တပ်က အပြင်းအထန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး (၁၀) အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ်ရှိခဲ့တယ် လို့ ချင်းပြည်သူ့အစည်းအရုံး CPU/CPA က ယနေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တို့ကို မေလ (၁၃) ရက်ကနေ (၂၂) ရက်နေ့အထိ (၁၀) ရက်တာအတွင်းမှာ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ်ပြုလုပ်ခဲ့ တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်၊ ဆိုင်ခန်း၊ အစိုးရအဆောက်အဦတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ (၂) ဦး ထိခိုက်သေဆုံးကာ အပြစ်မဲ့ ပြည်သူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CPU/CPA ကပြောပါတယ်။

မင်းတပ်မြို့ကို မေလ (၁၃) ရက်နေ့ ည‌နေ ၃း၃၀ ဝန်းကျင်မှာ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်၊ မေလ (၁၄) ရက်နေ့ ညနေ ၃း၃၀ ဝန်းကျင်မှာ ‎မင်းတပ်မြို့အနီး လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ပါတယ်။

မေလ (၁၆) ရက်နေ့ ညနေ ၅း၃၀ ဝန်းကျင်မှာ ကန်ပက်လက်မြို့ကို လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် ပြုလုပ်ခဲ့ပြီး တဖန် မေလ (၁၈) ရက် ညနေ ၃ နာရီ ဝန်းကျင်မှာ မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် ပြုလုပ်ခဲ့ပါတယ်။

မေလ (၁၉) ရက်နေ့ ည ၁၁း၀၀ နာရီဝန်းကျင်မှာ မတူပီမြို့ကို လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ လေကြောင်း တိုက်ခိုက်မှုရဲ့ ပေါက်ကွဲသံနှင့် တုန်ခါမှုတို့ကြောင့် မွေကင်းစ (၄) ရက်သား ကလေးငယ်တစ်ဦး သေဆုံးခဲ့ တယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး အကြမ်းဖက်စစ်တပ်ဟာ မေလ (၂၀) ရက်‌နေ့ ညနေ ၄း၄၅ ဝန်းကျင်မှာ မင်းတပ်မြို့ပေါ်ရှိ စာသင် ကျောင်းတစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ပါတယ်။

‎မေလ (၂၁) ရက်နေ့မှာ ကန်ပက်လက်မြို့ကို မနက် ၆း၀၀ နာရီ ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်၊ ညနေ ၆း၀၀ နာရီဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် မေလ (၂၂) ရက်နေ့မှာ ကန်ပက်လက်မြို့ကို မနက် ၂း၀၀ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်၊ မနက် ၉း၃၀ ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ် ထပ်မံပြုလုပ်ခဲ့တဲ့အပြင် မေလ (၂၂) ရက် နေ့လည် ၂း၀၀ ဝန်းကျင်မှာ မင်းတပ်မြို့ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာလည်း မင်းတပ်မြို့တစ်ခုတည်းကို လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်တိတိ ပြုလုပ်ခဲ့ပါတယ်။

ပြည်သူများအနေနဲ့ လက်ရှိအချိန်အတောတွင်း လူစုလူဝေးများရှောင်ရှားကာ မိမိတို့နေအိမ်၊ ဈေးဆိုင်တွေမှာ ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိပြီး ထောက်လှမ်းရေး ဒရုန်းများ၊ ကင်းထောက်လေယာဉ်များ၊ လေကြောင်းသတင်းများကို အချိန်နှင့်အမျှ နားစွင့်ကာ လေကြောင်းသတိပြု နေထိုင်ကြပါဖို့ ချင်းပြည်သူ့ အစည်း အရုံးအနေဖြင့် တိုက်တွန်းနှိုးဆော်ထားပါတယ်။


ဓာတ်ပုံ- CPU/CPA



 
 
 

Comments


bottom of page