အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့မှာ အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ဖို့စီစဉ်နေ၊ Non-CDM ဝန်ထမ်း ၁၀၀ ကျော်ကို ကလေးမြို့ကနေ စေလွှတ်
- thevoiceofchinland
- May 7
- 1 min read
VOC/ May 6, 2026
ချင်းပြည် ဖလမ်းမြို့မှာ အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ဖို့အတွက် Non-CDM ဝန်ထမ်း ၁၀၀ ကျော်ကို စစ်ကိုင်း တိုင်း ကလေးမြို့ကနေ အကြမ်းဖက်စစ်တပ်က ဖိအားပေးစေလွှတ်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၂၅ ရက်နေ့က ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက်မှာ စစ်အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့ ကလေးမြို့မှာ စစ်ဘေးရှောင်နေကြတဲ့ ဖလမ်းမြို့က Non-CDM ဝန်ထမ်း ၁၀၀ ကျော်ကို ဒီကနေ့ မေလ ၆ ရက်နေ့မှာ ဖလမ်းမြို့ကို စေလွှတ်လိုက်တာဖြစ်ပါတယ်။
Non-CDM ဝန်ထမ်းတွေကို ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) မှူးက ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာ ခေါ်ယူတွေ့ဆုံပြီး အထက်ညွှန်ကြားချက်အရဆိုပြီး ဖိအားပေးစေခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့မေလ ၆ ရက် မနက်ပိုင်းမှာ Non-CDM ဝန်ထမ်းတွေဟာ ပထမအသုတ်အနေဖြင့် ကလေးမြို့ကနေ ကလေး - သိုင်းငင်း ကားလမ်းအတိုင်း ကား၊ မော်တော်ဆိုင်ကယ်တွေနဲ့ ဖလမ်းမြို့ထွက်ခွါသွားကြတယ်လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်တွေဟာ ဖလမ်း-ဟားခါး လမ်းပိုင်းကိုလည်း ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုး နေပြီး ချင်းတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်းရှိနေပါတယ်။
ဖလမ်း-ဟားခါးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရင် ဟားခါးမြို့ကို စစ်ဘေးရှောင်အဖြစ်ရောက်နေတဲ့ ဖလမ်းဒေသခံ Non-CDM ဝန်ထမ်းတွေကိုလည်း ထပ်မံခေါ်ယူဖို့စီစဉ်နေတယ်လို့သိရပါတယ်။








Comments