top of page

အကြမ်းဖက်စစ်တပ်က ဖလမ်း နဲ့ ဆူရ်းဘုန်လေဆိပ်ကိုဝင်ရောက်ဖို့ ဝေဟင် နဲ့ မြေပြင်ကနေ အပြင်းအထန်ထိုးစစ်ဆင်၊ တိုက်ပွဲများပြင်းထန်လျက်ရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 23
  • 1 min read

VOC/ April 23, 2026


ဖလမ်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဆူရ်းဘုန်လေဆိပ် နဲ့ ဖလမ်းမြို့ထဲကို ဝင်ရောက်ဖို့ ဝေဟင် နဲ့ မြေပြင်ကနေ အပြင်းအထန်ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

ယနေ့ဧပြီလ ၂၃ ရက်မနက်အစောပိုင်းကတည်းကနေ ဖလမ်း နဲ့ ဗာရ်းကျေးရွာကြားမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသလို လှောန်မွလ် နဲ့ ဆူရ်းဘုန်လေဆိပ်ကြားမှာလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံကနေသိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ နဲ့ ဆူရ်းဘုန်လေဆိပ်ကို ဝင်ရောက်ဖို့ မြေပြင်ကနေအပြင်းအထန်ထိုးစစ်ဆင်နေတဲ့တချိန်းတည်းမှာပဲ လေကြောင်းကနေလည်း အပြင်းအထန်တိုက်ခိုက်နေပြီး Y12၊ ဂျက်ဖိုက်တာတွေနဲ့ အကြိမ်ကြိမ် ဗုံးကြဲခဲ့တယ်လို့သိရပါတယ်။

ယနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်တွေ ဖလမ်းမြို့ကို ဝင်ရောက်ပြီလို့ လူမှုကွန်ယက်စာမျက်နှာတချို့မှာ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိချိန်ထိတော့ ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခုခံတွန်းလှန်နေဆဲလို့သိရပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်ရဲ့တစ်ခုတည်းသော လေဆိပ်တည်ရှိရာ ဖလမ်းမြို့ကို အကြမ်းဖက်စစ်တပ်က ပြန်လည်သိမ်းပိုက်ဖို့ ၂၀၂၅ ခုနှစ်အောက်တိုဘာလကုန်ပိုင်းကနေ ကလေး-တီးတိန်-သိုင်းငင်း-ဝေဘူလ ဘက်ကနေ စစ်အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။

ဖလမ်းမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားလာတာ ခုဆိုရင် ၆ လထဲရောက်ရှိလာပြီဖြစ်ပြီး အကြမ်း ဖက်စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်တွေအပါအဝင် ရာနဲ့ချီသေဆုံးခဲ့ပြီးဖြစ်ပါ တယ်။

ဖလမ်းတိုက်ပွဲမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကလေးမြို့ကနေ စစ်ကူအင်အားတွေ အကြိမ်ကြိမ်စေလွှတ်ခဲ့သလို လေကြောင်းကနေလည်း နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မနေ့ဧပြီလ ၂၂ ရက်နေ့ကလည်း ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ်(ဒကစ) ကနေ ရိက္ခာ နဲ့ ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ကား ၁၀ စီးခန့် သိုင်းငင်းကျေးရွာဘက်ကို ထပ်မံစေလွှတ်ခဲ့တယ်လို့သိရပါတယ်။


ပုံစာ- ဖလမ်းမြို့အနီးတိုက်ပွဲပြင်းထန်နေတဲ့ရုပ်သံ



 
 
 

Comments


bottom of page