top of page

အကြမ်းဖက်စစ်တပ်က ခြောက်လအတွင်း အရပ်သား ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ဟု ကုလသမဂ္ဂ ထုတ်ပြန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ June 23, 2026


အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ခြောက်လတာကာလအတွင်းမှာ အရပ် သား ၇၀၀ ကျော် သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သြဂုတ်လကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ လွှမ်းခြုံတဲ့အစီရင်ခံစာအသစ်တစ်ခုကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန်လ ၂၂ ရက်က ထုတ်ပြန်ခဲ့ရာမှာ အဲဒီကာလအတွင်းမှာ အမျိုးသမီး ၂၂၄ ဦးနဲ့ ကလေးငယ် ၁၅၃ ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၇၀၂ ဦး သေဆုံးခဲ့ရတယ်လို့ ခိုင်လုံသော သတင်းရင်း မြစ်တွေက အတည်ပြုထားတယ်လို့ဖော်ပြပါတယ်။

ဒီအစီရင်ခံစာဟာ လွန်ခဲ့တဲ့ ၅ နှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီး ကြေညာခဲ့တဲ့ အချိန်ကစလို့ ခြောက်လတာကာလကို မှတ်တမ်းတင်လွှမ်းခြုံထားတဲ့အစီရင်ခံစာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးနောက် လူပေါင်း ထောင်နဲ့ချီ သေဆုံးကာ သန်းနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်တွင်းစစ်ကို မီးမွှေးခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ "ပျက်စီးဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေတဲ့ အဓိကအကျဆုံး အကြောင်းရင်း"ဖြစ်တယ်လို့ ကုလ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကပြောပါတယ်။

စစ်ကိုင်းဒေသဟာ "အရပ်သားတွေအတွက် အန္တရာယ်အရှိဆုံး ဒေသ" ဖြစ်ခဲ့ပြီး အမျိုးသမီး ၆၀ ဦးနဲ့ ကလေး ၃၀ ဦး အပါအဝင် လူပေါင်း ၁၉၁ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့က စာသင်ကျောင်းတစ်ကျောင်းရှေ့မှာ စုဝေး နေကြတဲ့ အရပ်သားတွေကို လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် ကလေးငယ် ၄ ဦး အပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီဇင်ဘာလမှာလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘောလုံးပွဲ ကြည့်ရှုရန် စုဝေးနေကြတဲ့ ပြည်သူအနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာ အကူအညီတွေ လျော့နည်းလာတာဟာ သန်းနဲ့ချီသော ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ပိုမိုဆိုးရွားစေတယ်လို့လည်း ကုလ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အသိပေးထားပါတယ်။


Source- UN/BBC



 
 
 

Comments


bottom of page