အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု (သို့မဟုတ်) Khawpuichhip(ခေါပွီးချစ်ပ်) ရွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု
- thevoiceofchinland
- May 4
- 1 min read
VOC/ May 2, 2026
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ချင်းပြည်မှာ ဆက်တိုက်ကျူးလွန်နေပြီး မေလ ၁ ရက်နေ့က ဟွာလ်းငိုးရမ်းဒေသ Khawpuichhip ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦး နဲ့ လူကြီးတစ်ဦး စုစုပေါင်း ၇ ဦး အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ချင်းပြည် ဟွာလ်းငိုးရမ်းဒေသ အိန္ဒိယ-မြန်မာနယ်စပ်အနီး Khawpuichhip ကျေးရွာကို အကြမ်းဖက်စစ်တပ်က မေလ ၁ ရက်မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိဖြင့် ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံးကို ညှာတာမှုကင်းမဲ့စွာဖြင့် ကြဲချခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂၉ နှစ်အရွယ် Pu Lalnunfela နဲ့ သား ၃ ယောက်ဖြစ်တဲ့ Malsawmmawia အသက် ( ၅ နှစ်)၊ Lalhuapzaua အသက် (၄ နှစ်) နဲ့ Lalrinzuala ( ၅ လသား) တို့အပြင် အခြားကလေးငယ်တွေဖြစ်ကြတဲ့ Jedidia Lalduhsaka အသက် ( သုံးနှစ် ) ၊ Lalhriatkima (အသက် ငါးနှစ်) ၊ Lalrinnunga အသက် (၁၀နှစ်) တို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ကလေးငယ်တွေနဲ့ ဖခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ယနေ့မွန်းလွဲပိုင်း ၂ နာရီမှာ Khawpuichhip ရွာမှာ ခရစ်ယာန်ထုံးတမ်းအစဉ်လာဖြင့် မြေမြုပ်သဂြိုလ်ခဲ့ကြပါတယ်။
အိမ်ခြေ ၅၀ ဝန်းကျင်သာရှိပြီး ရွာငယ်လေးတစ်ရွာဖြစ်တဲ့ Khawpuichhip ရွာဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာ စီးဆင်းနေတဲ့ တီအိုချောင်းကနေ ၅ ကီလိုမီတာခန့်အကွာမှာတည်ရှိပြီး အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကနေ ကီလိုမီတာ ၂၀ ခန့်ကွာဝေးပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၂၃ ရက်နေ့က ချင်းပြည်ရဲ့ ၇ မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာကာ စစ်အုပ်ချုပ်ရေးထုတ်ပြန်တဲ့နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု၊ သာလွန်တဲ့ လက်နက်ခဲယမ်း စစ်အင်အားတွေနဲ့ ချင်းပြည်မြောက်ပိုင်းကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီးနောက်မှာ ဧပြီလ ၂၅ ရက်နေ့မှာ ဖလမ်းမြို့ကို အကြမ်းဖက်စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။
ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်မှာလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှာလည်း ဧပြီ ၂၉ နဲ့ ၃၀ ရက်နေ့တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ကာ အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။
ရုပ်သံ- Vena Ventea




Comments