top of page

အာရက္ခတပ်တော်က ဒိုင်းနက်လူမျိုး ၁၀၀ ကျော်ဖမ်းဆီး၊ အမြန်ဆုံးပြန်လွှတ်ပေးရန် ဒိုင်နက်(Chakma) အဖွဲ့အစည်း ၁၂ ခုကတောင်းဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 29
  • 1 min read

VOC/ May 28, 2026


အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ် မောင်တော်မြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ သဘော်လှကျေးရွာက ဒိုင်းနက် (Chakma) လူမျိုး ၁၀၀ ကျော်ဖမ်းဆီးမှုကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒိုင်းနက်(Chakma) အဖွဲ့အစည်း ၁၂ ခုက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ အာရက္ခတပ်တော် (ULA/AA) တပ်ဖွဲ့ဝင်တွေဟာ ဒိုင်းနက်လူမျိုးတွေနေထိုင်တဲ့ သဘော်လှကျေးရွာမှာ စစ်မှုထမ်းရန် စစ်သားစုဆောင်းလာတဲ့အတွက် ဒေသခံတွေနဲ့ AA တပ်ဖွဲ့အကြား တင်းမာမှု နဲ့ နားလည်မှုလွဲမှားမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် AA တပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ကာ ရွာသားတွေကို ရိုက်နှက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် ရွာသားတချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ မေလ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ဒိုင်းနက်(Chakma) အဖွဲ့အစည်း ၁၂ ခုရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် မေလ ၂၄ ရက်နေ့မှာ သက်ကြီးရွယ်အို၊ အိမ်ထောင်ဦးစီးတွေနဲ့ မိသားစုတွေကို အဓိကလုပ်ကိုင်ကျွေးမွေးနေသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၀၀) ကျော်ခန့်ကို အာရက္ခတပ်တော် AA က အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်း ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူ အများစုဟာ မိသားစုဝင်တွေက အဓိကမှီခိုအားထားရသူတွေဖြစ်တာကြောင့် လက်ရှိမှာ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးအရ ကြီးမားသော အခက်အခဲများကို ကြုံတွေ့နေရတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သဘော်လှကျေးရွာက ဒိုင်းနက် (Chakma) အရပ်သားပြည်သူအားလုံးကို လူသားချင်းစာနာထောက်ထားမှုဖြင့် အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်၊ ဒိုင်းနက် (Chakma) ကျေးရွာအားလုံးရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးရန်၊ ဖမ်းဆီးခံထားရသူ (၁၀၀) ကျော်ကို လူသားဆန်စွာ ဆက်ဆံပေးရန်၊ ပျက်စီးဆုံးရှုံးသွားသော အရပ်သားပိုင်ပစ္စည်းတွေအတွက် ထိုက်သင့်သော လျော်ကြေးများ ပေးအပ်ရန် တောင်းဆိုတယ်လို့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်ထဲက လူနည်းစုတွေအပေါ် အရေးပေါ်ဥပဒေပြဌာန်းချက်ကို ကျော်လွန်ပြီး အတင်းအဓမ္မ စစ်မှု ထမ်းခိုင်းခြင်း၊ လုပ်အားပေးခိုင်းခြင်းနှင့် အကြမ်းဖက်ခြိမ်းခြောက် အနိုင်ကျင့်ခြင်းတွေကို ပြန်လည်စိစစ် ရန် နဲ့

အလားတူဖြစ်ရပ်များ နောက်ထပ် မဖြစ်ပွားစေရန်အတွက် အာရက္ခတပ်တော် (ULA/AA) အနေဖြင့် ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။

လူနည်းစုများအပေါ် အကြမ်းဖက်၊ ခြိမ်းခြောက်၊ ခွဲခြားဆက်ဆံ ဖိနှိပ်မှုမှန်သမျှကို လက်မခံဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေအားလုံးအနေဖြင့် ဒီအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်နှင့် လူမျိုးစုများအကြား သဟဇာတဖြစ်မှုကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် လူသားဆန်မှု၊ တာဝန်ယူမှုနှင့် အခြေခံလူ့အခွင့်အရေးများကို လေးစားမှုတို့ဖြင့် ဆောင်ရွက်ပေးပါရန်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဒီပူးတွဲကြေညာချက်ကို ဒိုင်းနက် Chakma Organization (DO)၊ ပြည်ပရောက် ဒိုင်းနက် (ခေါ်) သက္ကမာ လူငယ်များ အသင်း၊ Chakma Indigenous Youth Association (CIYA)၊ Chakma Youth Association (CYA)၊ Chakma Youth Development Association (CYDA)၊ Kyauktaw Chakma Youth Association (KCYA)၊ Chakma Youth's Network of Rakhine (CYNR)၊ ပြည်ပ Chakma လူငယ်များ အဖွဲ့၊ Daingnet (Chakma) National Development Society (DNDS)၊ သက္ကမ စာပေနှင့် ယဉ်ကျေးမှုအသင်း၊ မျိူးချစ်စိတ်နှင့် မိမိတာဝန်အဖွဲ့၊ သက္ကမ (သက်) လူငယ် စည်းလုံးရေးအသင်းတို့က ထုတ်ပြန်တာဖြစ်ပါတယ်။



 
 
 

Comments


bottom of page