အိုဘားမား သမ္မတစင်တာ ဖွင့်ပွဲအခမ်းအနားသို့ သမ္မတဟောင်းများနှင့် အနုပညာရှင်များစွာ တက်ရောက်ချီးမြှင့်
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 19, 2026
ဇွန်လ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ အိုဘားမား သမ္မတစင်တာ (Obama Presidential Center) ဖွင့်ပွဲအခမ်းအနားကို အမေရိကန် သမ္မတဟောင်းများ အားလုံး၊ နိုင်ငံရေးခေါင်းဆောင်များနဲ့ အနုပညာရှင်များစွာက တက်ရောက်ခဲ့ပါတယ်။
အိုဘားမားဇနီးမောင်နှံရဲ့ ရေရှည်အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အိုဘားမားဖောင်ဒေးရှင်းရဲ့ CEO Valerie Jarrett က အခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတဟောင်းများဖြစ်တဲ့ Joe Biden၊ George W. Bush ၊ Bill Clinton တို့နဲ့ သမ္မတကတော်ဟောင်းများဖြစ်တဲ့ Jill Biden ၊ Laura Bush နဲ့ Hillary Clinton တို့ကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။
ဒီပွဲကို နိုင်ငံခြားသံတမန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ သူမနဲ့ Obama တို့မောင်နှံဟာ လွန်ခဲ့တဲ့ ၃၅ နှစ်က ခင်မင်ရင်းနှီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့အချိန်မှာ Obama တို့ စေ့စပ်ထားပြီးကစပဲရှိသေးပေမယ့် နှစ်ဦးသားက ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ သမ္မတကတော်ဟောင်း Michelle Obamaက ၂၀၀၉ ခုနှစ်က သူမရဲ့ခင်ပွန်း ရရှိခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအကြောင်း ပြောကြားရာမှာ ပရိသတ်များက ကျယ်လောင်တဲ့လက်ခုပ်တီးပြီး အားပေးခဲ့ပါတယ်။ သူမက ဘာရက်အိုဘားမားကို ရည်ညွှန်းပြီး “ရှင်ဟာ ပြည်သူတွေအတွက် အလုပ်အကျွေးပြုခဲ့ပါတယ်။
ကျွန်မတို့ရဲ့ စီးပွားရေးကို ကယ်တင်ခဲ့တယ်၊ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ပေးခဲ့တယ်၊ စစ်ပွဲတစ်ခုကို အဆုံးသတ်ပေးခဲ့တယ်၊ ဘင်လာဒင်ကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးကို အမိန့်ပေးခဲ့တယ်၊ မော်တော်ကားလုပ်ငန်းကို ကယ်တင်ပေးခဲ့တယ်၊ ပြီးတော့ ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးခဲ့တယ်” လို့ ပြောဆိုစဉ်မှာ ပရိသတ်တွေက သောင်းသောင်းဖြဖြ အော်ဟစ်အားပေးခဲ့ကြပါတယ်။
မိန့်ခွန်းအတွင်း အိုဘားမားက သူဟာ ၁၉၈၅ ခုနှစ် အသက် ၂၃ နှစ်အရွယ် လူမှုအသိုင်းအဝိုင်း စည်းရုံးရေးသမားတစ်ဦးအဖြစ် ချီကာဂိုမြို့ကို ပထမဆုံး ရောက်ရှိလာခဲ့ချိန်မှာ လူတွေကို စုစည်းပြီး အပြောင်းအလဲ ဖန်တီးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာရောက်ခဲ့တာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
အိုဘားမား သမ္မတစင်တာဟာ သမ္မတဟောင်းတစ်ဦးရဲ့ အမွေအနှစ်တွေကို ပြသဖို့သာမက လူငယ်ခေါင်းဆောင်တွေကို လေ့ကျင့်ပေးမယ့် လူထုဗဟိုဌာနတစ်ခုအဖြစ် ရည်ရွယ်ထားတယ်လို့ ဆိုခဲ့ပြီး အမေရိကန် ဒီမိုကရေစီစနစ်ဟာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ရဲ့ ကြိုးပမ်းမှုတွေနဲ့ တည်ဆောက်လာခဲ့တာဖြစ်ကြောင်း၊ လက်ရှိကမ္ဘာကြီးမှာ ကွဲပြားမှုတွေနဲ့ မသေချာမှုတွေ ပိုများလာနေပေမယ့် ဒီမိုကရေစီအပေါ် ယုံကြည်မှု မဆုံးရှုံးသင့်ဘဲ နိုင်ငံရဲ့ အနာဂတ်ကို ပြည်သူတွေကိုယ်တိုင် ဆက်လက်ပုံဖော်သွားရမယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။
ဟောလိဝုဒ်မင်းသား Tom Hanks၊ မင်းသမီး Anne Hathaway တို့လည်း တက်ရောက်ခဲ့ပြီး သူတို့နှစ်ဦးလုံးက Barack Obama သမ္မတအဖြစ် ဝင်ရောက်အရွေးခံကတည်းက လူသိရှင်ကြား ထောက်ခံအားပေးပြီး မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။
John Legend ကလည်း လူမျိုးရေးခွဲခြားမှုပပျောက်ပြီး တရားမျှတမှုရရှိရေး လှုံ့ဆော်မှုများကြောင့် လူ့အခွင့်အရေးလှုပ်ရှားမှုကာလအတွင်း ရေပန်းစားခဲ့တဲ့ အဆိုတော် Donny Hathawayရဲ့ “Someday We’ll All Be Free” သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။ သူနဲ့ Obama ဟာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ် နီးပါး Obama အထက်လွှတ်တော်အမတ်ဖြစ်စဉ်က ပထမဆုံးဆုံဖူးတာ ဖြစ်တယ်လို့လည်း ပြောပြသွားပါတယ်။
ဒါ့အပြင် နာမည်ကျော် Pearl Jam အဖွဲ့ ရဲ့ ပင်တိုင်အဆိုတော်နဲ့ ဂစ်တာသမားဖြစ်သူ Eddie Vedder ကလည်း လူငယ်အဖွဲ့တစ်ဖွဲ့နဲ့အတူ ဒီအခမ်းအနားအတွက် ကိုယ်တိုင်သီးသန့်ရေးစပ်ထားတဲ့ "Better Believe" အမည်ရှိ သီချင်းကို တင်ဆက်ခဲ့ပါတယ်။
ဒီပွဲမှာ အဆိုတော်၊ မင်းသမီး၊ ရုပ်သံတင်ဆက်သူ Jennifer Hudson က နိုင်ငံတော်သီချင်းကို သီဆိုဖျော်ဖြေခဲ့ပြီး သူမဟာ Obama ရဲ့ ကာလရှည်ထောက်ခံသူလည်း ဖြစ်ပါတယ်။ သူမဟာ အမ်မီ (Emmy)၊ ဂရမ်မီ (Grammy)၊ အော်စကာ (Oscar) နဲ့ တိုနီ (Tony) ဆုများအားလုံးကို ဆွတ်ခူးထားသူဖြစ်ပါတယ်။
Source - Obama Presidential Center















Comments