top of page

အိန္ဒိယမူးယစ်ဗျူရိုက ကာလရှည်ကြာထောက်လှမ်းစောင့်ကြည့်နေတဲ့ မြန်မာမူးယစ်ရာဇာတစ်ဦးကို နယူးဒေလီမှာ ဖမ်းမိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 18
  • 1 min read

VOC/ May 18, 2026


အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို-NCB က ကာလရှည်ကြာ ထောက်လှမ်းစောင့်ကြည့်နေတဲ့ မြန်မာနိုင်ငံက မူးယစ် ရာဇာတစ်ဦးကို နယူးဒေလီမြို့မှာ ဖမ်းဆီးရမိတယ်လို့သိရပါတယ်။

အဖမ်းခံရတဲ့ မြန်မာမူးယစ်ရာဇာဟာ ချင်းပြည်၊ တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီး ဘူလ်ဖက်ခ်ကျေးရွာသား Than Cin Tuang (ခေါ်) Tluanga ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံကနေ အိန္ဒိယပြည်မဘက်ကို ဘိန်းဖြူ နဲ့ Methamphetamine လို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေကို အဓိကတင်သွင်းတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို-NCB က မေလ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

Than Cin Tuang ဟာ မြန်မာနိုင်ငံကတဆင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး မီဇိုရမ်၊ မဏိပူရ်၊ အာသံနဲ့ တြီပူရ ပြည်နယ်တွေအပါအဝင် အိန္ဒိယပြည်မဘက်အထိ မူးယစ်ဆေးဝါးတွေကို အဓိကဖြန့်ဖြူးနေသူဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်တုန်းက မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် Dulte ကျေးရွာမှာ စိတ်ကြွဆေးပြား ၁၄ ကီလိုဂရမ်နဲ့ဘိန်းဖြူ ၂ ဒသမ ၈ ကီလိုဂရမ် ဖမ်းဆီးရမိတဲ့အမှု နဲ့ ၂၀၂၅ ခုနှစ်က အိုင်ဇောလ်မြို့မှာ စိတ်ကြွဆေးပြား ၄၉ ဒသမ ၁ ကီလိုဂရမ် ဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း Than Cin Tuang က နောက်ကွယ်ကနေအဓိကကြိုးကိုင်ပါဝင်ပတ်သက် သူဖြစ်တယ် လို့ဆိုပါတယ်။

အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို-NCB ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သူပါဝင်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုကွန်ယက်ငွေကြေးလည်ပတ်မှုမှာ အိန္ဒိယရူပီး ကုဋေပေါင်း ၁၂၀ ခန့် ရှိနိုင်တယ်လို့ဆိုပါတယ်။

Than Cin Tuang ဟာ အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို-NCB က ယခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ ဒုတိယမြောက် မြန်မာနိုင်ငံအခြေစိုက် မူးယစ်ဆေးဝါး အဓိကဖြန့်ဖြူးသူဖြစ်ပြီး ယခုနှစ်မတ်လတုန်းကလည်း အိန္ဒိယကို မြန်မာကနေ မူးယစ်ဆေးဝါးအဓိကတင်သွင်းသူ Lalhmingsanga ကို ဖမ်းဆီးခဲ့ပါတယ်။



 
 
 

Comments


bottom of page