အိန္ဒိယကိုသွားရောက်မယ့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နယူးဒေလီရောက် မြန်မာအင်အားစုတွေက ပြင်းပြင်းထန်ထန်ဆန့်ကျင်ဆန္ဒပြမည်
- thevoiceofchinland
- May 27
- 1 min read
VOC/ May 27, 2026
အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မကြာခင်ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပြီး နယူးဒေလီရောက် မြန်မာအင်အားစုတွေက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။
အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး မိမိကိုယ့်ကို သမ္မတအဖြစ် ခန့်အပ်တင်မြောက်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ မေလ ၃၀ ရက်နေ့မှာ နယူးဒေလီမြို့ကိုရောက်ရှိလာမယ်လို့ အိန္ဒိယသတင်းဌာနတွေကဖော်ပြကြပြီး ဒါဟာ သမ္မတရာထူးရယူပြီးနောက် ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ကို နယူးဒေလီရောက် မြန်မာအင်အားစုတွေအနေနဲ့ လုံးဝလက်မခံဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြရန် အိန္ဒိယရဲတပ်ဖွဲ့ထံကိုလည်း ခွင့်ပြုချက် တောင်းခံထားပြီးဖြစ်တယ်လို့ Burma House-New Delhi က ထုတ်ပြန်ပါတယ်။
နယူးဒေလီရောက် မြန်မာအင်အားစုတွေက မင်းအောင်လှိုင်ကို ၂ ကြိမ် ဆန္ဒပြရန်စီစဉ်ထားကြပြီး မေလ ၂၈ ရက်နေ့မှာ Jantar Mantar နဲ့ ၃၀ ရက်နေ့မှာ မြန်မာသံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ကြမယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်မှာ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ်မည့် အဝေးပြေးလမ်းမကြီး အရေးနှင့် စစ်တွေဆိပ်ကမ်း လည်ပတ်ရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးသွားကြ လိမ့်မည်ဟု မျှော်လင့်ရတယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေကဆိုပါတယ်။
အဆင့်မြင့်ဆွေးနွေးပွဲကို နယူးဒေလီမြို့မှာ ပြုလုပ်ရန် စီစဉ်ထားပြီး၊ သမိုင်းဝင် အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာကိုလည်း သွားရောက်ဖွယ် ရှိတယ်လို့ အိန္ဒိယသတင်းတွေကဆိုပါတယ်။




Comments