top of page

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လက်နက်ကိုင်တပ်တွေမရှိဖို့နဲ့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ အိန္ဒိယနဲ့ အကြမ်းဖက်စစ်တပ်တို့ ဆွေးနွေး

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 7
  • 1 min read

VOC/ May 5, 2026


အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လက်နက်ကိုင်တပ်တွေ မရှိဖို့ နဲ့ နှစ်နိုင်ငံကြား လုံခြုံရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေတိုးမြှင့်ဖို့ အိန္ဒိယ‌ရေတပ်ဦးစီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ နေပြည် တော်မှာ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အိန္ဒိယရေတပ် ဗိုလ်ချုပ်ကြီး Admiral Dinesh Kumar Tripathi နဲ့ စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ဟာ မနေ့ မေ ၄ ရက်က နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ နယ်စပ်ဒေသလုံခြုံရေးအခြေအနေကို ဆွေးနွေးခဲ့ကြတာလို့ စစ်တပ် အာဘော် မြန်မာ့အလင်းကဖော်ပြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ဒေသ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆိုင်ရာကို တိုးမြင့်ဆောင်ရွက်ဖို့ နဲ့ နှစ်နိုင်ငံနယ်စပ်ဒေသ အတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေမရှိစေရေး လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေကို ဆွေးနွေး ခဲ့ကြတာလို့ နေပြည်တော်ဘက်ကတော့ ဆိုပါတယ်။

အိန္ဒိယရေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့ နယ်စပ်က လက်နက်ကိုင်တပ်တွေအကြောင်း ထည့်သွင်းဖော်ပြထားတာမျိုး မရှိပေမဲ့ ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို မဟာ ဗျူဟာအဆင့်အထိ သက်ရောက်မှုရှိရေး ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယ‌ရေတပ်ဦးစီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မေ ၂ ရက်ကနေ ၅ ရက်အထိဖြစ်ပြီး မြန်မာရေတပ် ဗဟိုကွပ်ကဲမှု ဌာနက အရာရှိတွေနဲ့လည်း တွေ့ဆုံထားတယ်လို့ အိန္ဒိယရေတပ်ဘက်ကထုတ်ပြန်ပါတယ်။

အိန္ဒိယနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ ဖလမ်းနဲ့ ပလက်၀ ဒေသတွေဟာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

အလားတူ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တချို့လည်း မြန်မာ-အိန္ဒိယနယ်စပ် တကြောမှာ အခြေစိုက်ထားကြပါတယ်။



 
 
 

Comments


bottom of page