အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေးကားလမ်းမစီမံကိန်းပြန်စဖို့ အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှာ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 4, 2026
အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးကားလမ်းစီမံကိန်းကိုအမြန်ဆုံးပြန်လည်စတင်နိုင်ဖို့ အိန္ဒိယ-မြန်မာ နယ် စပ်ဘက်မှာ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယကိုသွားရောက်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ အိန္ဒိယအခြေ စိုက် DD India သတင်းဌာနနဲ့ အင်တာဗျူးမှာ ခုလိုပြောဆိုသွားတာဖြစ်ပါတယ်။
“လုံခြုံရေးအခြေအနေအရ ဒီစီမံကိန်းကို တချို့နေရာမှာ ရပ်ထားတာရှိပါတယ်၊ လုံခြုံရေးတွေပိုမိုတိုးတက်အောင် ဆောင်ရွက်နေတာရှိပါတယ်၊ ၂၀၂၁ ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကြောင့် အဲဒီနေရာကမတည်မငြိမ်ဖြစ်ပြီး တော့ အခုတော့ အဲဒီနေရာတွေကို တပ်မတော်ရှင်းနေပါတယ် မကြာခင်မှာလည်း နယ်စပ်နဲ့နီးတဲ့ ကလေးမြို့ နဲ့ တမူးမြို့ ဆက်သွယ်တဲ့လမ်းကြောင်းကို အမြန်ဆုံးဖွင့်နိုင်ဖို့ကြိုးစားနေပါတယ် အဲဒါကြိုးစားပြီးလို့ရှိရင်တော့ နယ်စပ်ဂိတ်ဖွင့်လို့ရ မှာဖြစ်ပါတယ်”လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
လက်ရှိမှာ ကလေး-တမူးကားလမ်းမကြီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ဒီစီမံကိန်း ပြန်စနိုင်ဖို့ အကြမ်းဖက်စစ်တပ်က ကလေး-တမူးလမ်းကို စစ်ဆင်ရေးတွေဆောင်ရွက်လာနိုင်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒီကနေ့ဇွန်လ ၄ ရက်နေ့မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ကလေး-တမူးကားလမ်းမပေါ်က ခမ်းပတ်မြို့အနီးဝန်းကျင်ကို အကြမ်းဖက်စစ် တပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း (India-Myanmar-Thailand Trilateral Highway) ဟာ မိုင်ပေါင်း (၈၀၀) ကျော် ရှည်လျားပြီး အာဆီယံနှင့် တောင်အာရှကို ကုန်းလမ်းဖြင့် တိုက်ရိုက်ချိတ် ဆက်ပေးမယ့် မဟာဗျူဟာ စီမံကိန်းကြီးတစ်ခု ဖြစ်ပါတယ်။
စီမံကိန်းအရ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ မိုရေး (Moreh) မြို့ကနေ မြန်မာနိုင်ငံ - တမူး၊ ကလေးဝ-ယာကြီးလမ်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံ - မဲဆောက် (Mae Sot) မြို့အထိ ဆက်သွယ်မှာဖြစ်ပါတယ်။
အိန္ဒိယ ရဲ့ Act East မူဝါဒအရ အိန္ဒိယအရှေ့မြောက်ဒေသကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအရ တိုက်ရိုက်ချိတ်ဆက်နိုင်ရန် ရည်ရွယ်တည်ဆောက်နေတာဖြစ်ပြီး အိန္ဒိယအတွက် အရေးပါတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း မင်းအောင်လှိုင်နဲ့ နယူးဒေလီမှာတွေ့ဆုံစဉ်မှာ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Video credit- DD India




Comments