အာဏာသိမ်းအကြမ်းဖက် မင်းအောင်လှိုင်က အကျဉ်းသား ၄၀၀၀ ကျော်ကို လွှတ်ငြိမ်းခွင့်ပြု
- thevoiceofchinland
- Apr 17
- 1 min read
VOC/ April 17, 2026
အာဏာသိမ်းအကြမ်းဖက် မင်းအောင်လှိုင်က အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၄၀၀၀ ကျော်ကို ဒီကနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
မြန်မာနှစ်သစ်ကူး မင်္ဂလာအခါသမယအဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကိုအလေးထားတဲ့အနေနဲ့ အကျဉ်းသား/အကျဉ်းသူ ၄၃၃၅ ဦးကို “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင်ပြုလိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်များကို လျှော့ပေါ့ ပေးခဲ့ပြီး သေဒဏ်ကျခံရသူတွေကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်ကျခံသူတွေကို ထောင်ဒဏ် နှစ် ၄၀ ၊ ထောင်ဒဏ် နှစ် ၄၀ အထက်ကျခံသူတွေကို ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ် နှစ် ၄၀ နဲ့ အောက်ကျခံသူတွေကို ပြစ်ဒဏ်ကာလရဲ့ ၆ ပုံ ၁ ပုံ ကို လျှော့ပေါ့ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦး ကိုလည်းလွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ပါဝင်ခြင်းရှိမရှိ ကိုတော့ မသိရသေးသလို မတရားဖမ်းဆီးခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် တို့လည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခြင်းမရှိသေးကြောင်း သိရပါတယ်။




Comments