top of page

အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ချင်းသတင်းဌာန ၂ ခုအပါဝင် သတင်းဌာန ၃ ခုကို လိုင်စင်ပိတ်သိမ်း

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 24
  • 1 min read

VOC/ April 24, 2026


အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အခြေစိုက် ချင်းသတင်းဌာန ၂ ခုအပါအဝင် သတင်းဌာန ၃ ခုကို လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့သိရပါတယ်။

လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာနတွေကတော့ ချင်းသတင်းဌာနတွေဖြစ်တဲ့ KHONUMTHUNG MEDIA GROUP၊ Chin World နဲ့ မျက်မှောက်ခေတ် (Nowadays News) သတင်းအေဂျင်စီ တို့ ဖြစ်ပါတယ်။

ဒီ သတင်းဌာနတွေဟာ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါစည်းကမ်းချက်တွေကိုလိုက်နာခြင်း မရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေမယ့် အကြောင်း အရာတွေကို ရေးသားဖော်ပြခဲ့တယ်လို့စွပ်စွဲပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပြန်ကြားရေး ဝန်ကြီးဌာနက ယနေ့ဧပြီလ ၂၄ ရက်နေ့မှာထုတ်ပြန်လာပါတယ်။

Khonumthung နဲ့ Chin World သတင်းဌာနဟာ ချင်းပြည်၊ ချင်းလူမျိုးတွေနဲ့သက်ဆိုင်တဲ့သတင်းတွေကို ပြည်သူတွေ သတင်းမှန်သိရှိစေရန်အတွက် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားတင်ဆက်နေကြတဲ့ သတင်းဌာနတွေဖြစ်ကြပါ တယ်။

ဒါ့အပြင် Khonumthung နဲ့ Chin World ဟာ တိုင်းရင်းသားသတင်းဌာန ၁၅ ခုဖြင့် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာသတင်း (BNI) ရဲ့ အဖွဲ့ဝင်သတင်းဌာနတွေလည်းဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ လွတ်လပ်တဲ့ သတင်းဌာန၊ သတင်းသမားတွေကို ရန်သူလိုပစ်မှတ်ထားလာပြီး ဖမ်းဆီးထောင်ချတာ၊ ထုတ်ဝေခွင့်လိုင်စင် ပိတ်ပင်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ သတင်းမီဒီယာလုပ်ငန်း ၁၅ ခုရဲ့ လိုင်စင်တွေဖျက်သိမ်းထားပြီး သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သလို အဲဒီထဲမှာ သတင်းသမား ၄၀ ကျော် အကျဉ်းကျနေဆဲဖြစ်တယ်လို့ လွတ်လပ်သောမြန်မာသတင်း မီဒီယာကောင်စီ(IPCM) ရဲ့ အချက်အလက်တွေအရသိရပါတယ်။



 
 
 

Comments


bottom of page