အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်က EAO များကို ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လာပြန်
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 20, 2026
မိမိကိုယ်ကို သမ္မတအဖြစ် တင်မြောက်ထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ EAO များကို ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဒီကနေ့ဖိတ်ခေါ်လာပြန်ပါတယ်။
နေပြည်တော်မှာ ဒီကနေ့ဧပြီလ ၂၀ ရက်နေ့မှာကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ မင်းအောင်လှိုင်က အမှာစကားပြောကြားရာမှာ ခုလိုထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
“EAO နဲ့ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် နှစ်ဖွဲ့ လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေ ကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်" လို့ မင်းအောင်လှိုင်ကပြောပါတယ်။
NCA လက်မှတ်ရေးထိုးထားပြီး ၅နှစ်အတွင်း တွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေဖြစ်တဲ့ KNU၊ CNF၊ ABSDF အဖွဲ့တွေ ကိုလည်း ဖိတ်ခေါ်တယ်လို့ မင်းအောင်လှိုင်ကပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ABSDF တွေကတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် NCA လုပ်ငန်းစဉ်ဟာ ရပ်ဆိုင်းသွားပြီး စက္ကူစုတ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီလို့ အတိအလင်းထုတ်ပြန်ခဲ့ကြပြီးဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေကိုလည်း ဥပဒေဘောင်အတွင်းမှာ ဝင်လာကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။
မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီးနောက် သူ့ကိုယ်သူ သမ္မတအဖြစ် ရွေး ကောက်တင်မြောက်ခဲ့ပေမယ့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အာဆီယံ နဲ့ နိုင်ငံတကာအသိုင်းအဝန်းတွေကတော့ အသိအမှတ်ပြုထားခြင်းမရှိသလို နေပြည်တော်က လွှတ်တော်ကိုလည်း နိုင်ငံတကာပါလီမန်များအဖွဲ့က အသိအမှတ်ပြုထားခြင်းမရှိခဲ့ပါဘူး။
ခုလို တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရက် ၁၀၀ အတွင်း ဖိတ်ခေါ်တာဟာလည်း သူဦးဆောင်တဲ့ အမည်ခံအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုလာစေဖို့ နဲ့ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ဟန်ပြ ဖိတ်ခေါ်ခြင်းသာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။




Comments