အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဟန်ပြငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို CNF လက်မခံ၊ SCEF မူဝါဒအတိုင်း ဆက်သွားမယ်လို့ ပြော
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 21, 2026
အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းဖိတ်ခေါ်ချက်ကို အယုံကြည်မရှိ လက်မခံကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကပြောဆိုလိုက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEF ရဲ့မူဝါဒရပ်တည် ချက်အတိုင်း ဆက်သွားမယ်လို့ CNF ပြောရေးဆို ခွင့်ရှိသူဆလိုင်းထက်နီကပြောပါတယ်။
မိမိကိုယ်ကို သမ္မတအဖြစ် တင်မြောက်ထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်မှာ သူဦးဆောင်တဲ့ အမည်ခံအစိုးရသစ်ရဲ့ ပထမဆုံးအစည်းအဝေးမှာ ရက် ၁၀၀ စီမံကိန်းနဲ့ပတ်သက်ပြီး ပြောကြားရာမှာ NCA ရေးထိုးထားတဲ့ EAOs အဖွဲ့နဲ့ ရေးထိုးခြင်းမရှိသေးတဲ့ EAOs အဖွဲ့အားလုံးကို ယခုနှစ် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့တာြဖစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းချက်အပေါ် အယုံအကြည်မရှိကြောင်း နဲ့ NCA အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေလုပ်ဆောင်မှုမှန်သမျှကို လက်မခံဘူးလို့ပြောပါတယ်။
“NCA က အစ, ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်မှု မှန်သမျှ ကန့်ကွက်ငြင်းပယ်တယ်” ဟု ဆလိုင်းထက်နီက ပြောပါတယ်။
ဒါကြောင့် ချင်းအမျိုးသားတပ်ဦး CNF ဟာ NUG အပါအဝင် အခြားသော EAO အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEF ရဲ့မူဝါဒရပ်တည်ချက်အတိုင်းပဲ ဆက်သွား မယ်လို့ ဆလိုင်းထက်နီကပြောပါတယ်။
K3C လို့ခေါ်တဲ့ အင်အားကြီးတိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ KIO ၊ KNU ၊ CNF ၊ KNPP နဲ့ NUG ၊ CRPH တို့ဟာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦး ဆောင်ကောင်စီ-SCEF”ကို မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ကြပြီး နိုင်ငံရေးဦးတည်ချက် ၆ ချက်ကိုလည်း အခိုင်အမာချမှတ်ခဲ့ကြပါတယ်။
SCEF ရဲ့ နိုင်ငံရေးဦးတည်ချက် ၆ ချက်မှာ (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်၊ (၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထား သောအရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာအပြည့်အဝထားရှိရန်၊ (၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နဲ့ ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊ (၄) သက်ဆိုင်သူများ အားလုံးလက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန် (၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသစ်အား တည်ဆောက်ရန် နှင့် (၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်တို့ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူတွေရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရထံကနေ မတရား အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီးနောက် သူ့ကိုယ်သူ သမ္မတ အဖြစ် ရွေးကောက်တင်မြောက်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အာဆီယံ နဲ့ နိုင်ငံတကာအသိုင်း အဝန်း တွေက အသိအမှတ်ပြုထားခြင်းမရှိသလို နေပြည်တော်က လွှတ်တော်ကိုလည်း နိုင်ငံတကာပါလီမန်များအဖွဲ့က အသိအမှတ်ပြုထားခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူဦးဆောင်တဲ့ အမည်ခံအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုလာစေဖို့ နဲ့ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဟန်ပြဖိတ်ခေါ်ခြင်းသာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။





Comments