top of page

အာဆီယံလွှတ်တော်အမတ်များအဖွဲ့က SCEF ဖွဲ့စည်းမှုကိုကြိုဆိုထောက်ခံပြီး ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်မယ်လို့ကြေညာ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 5
  • 1 min read

VOC/ June 4, 2026


ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းခြင်းကို ကြိုထောက်ခံပြီး ဆက်လက်ထိတွေ့ ပူးပေါင်းဆောင် ရွက် သွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ဒသမအကြိမ် အစည်းအဝေးမှာ ပေးပို့တဲ့ သဝဏ်လွှာမှာ APHR က ခုလိုထည့်သွင်းပြောဆိုလာတာြဖစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းနိုင်ခဲ့တာကို ကြိုဆိုထောက်ခံပြီး မြန်မာနိုင်ငံနဲ့ထိုက်တန်တဲ့ စည်းလုံးညီညွတ်မှုရှိတဲ့၊ အားလုံးပါဝင်နိုင်တဲ့၊ ပြည်သူကိုဗဟိုပြုတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်တစ်ရပ် ထူထောင်နိုင်ရေးအတွက် အဓိပ္ပာယ်ရှိသော ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ APHR ကဆိုပါတယ်။

APHR အနေနဲ့ တိုင်းရင်းသားလူမျိုးစုအသိုင်းအဝိုင်းတွေ၊ အမျိုးသမီးခေါင်းဆောင်တွေနဲ့ အရပ်ဘက်လူ့ အဖွဲ့အစည်း တွေရဲ့အသံတွေကို မြှင့်တင်ကာ အောက်ခြေမှအထက်သို့ တည်ဆောက်သော ဖက်ဒရယ်စနစ်ကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့တာကြောင့် SCEF နဲ့ ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါ တယ်။

သေနတ်ဖြင့် ခြိမ်းခြောက်ချုပ်ကိုင်ထားသော အခြေအနေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားမပြုနိုင်သလို၊ ယူနီဖောင်း ပြောင်းလဲဝတ်ဆင်လိုက်တာဟာ အုပ်ချုပ်မှုစနစ် ပြောင်းလဲသွားတယ်လို့ မဆိုလိုတာကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ဦးဆောင်သော အစိုးရကို အသိအမှတ်မပြုကြဖို့ကိုလည်း APHR က တိုက်တွန်းထားပါတယ်။

APHR အနေဖြင့် မြန်မာပြည်သူလူထုကို မေ့ထားမှာမဟုတ်ဘဲ ပြည်သူလူထုရဲ့ တရားဝင်ဥပဒေပြုရေးအသံဖြစ်တဲ့ CRPH နဲ့လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ် ဘက်လူ့အဖွဲ့အစည်းတွေစတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင် ရွက်နေကြသူအားလုံးနဲ့အတူ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမယ်လို့လည်း အသိပေးထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံရဲ့ အမှန်တကယ် တရားဝင်ကိုယ်စားလှယ်တွေအဖြစ် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုခဲ့ တဲ့အပေါမှာလည်း ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့ဆိုပါတယ်။

ဒါဟာ မည်သည့်အတုအယောင်လွှတ်တော်တစ်ရပ်ကမှ ပြည်သူလူထုရဲ့ စစ်မှန်သောဆန္ဒကို အစားထိုးနိုင်မှာမဟုတ်ဘူး ဆိုတာ ထင်ရှားစွာ ပြသလိုက်တဲ့ အရေးပါသော သင်္ကေတတစ်ခုဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။



 
 
 

Comments


bottom of page