ဟာလန်း ၂ ဂိုးသွင်းပြီး နော်ဝေးက ဆီနီဂေါကို ၃-၂ ဖြင့် အနိုင်ရ၊ ၃၂ သင်းရှုံးထွက်အဆင့်ကို နော်ဝေ တက်ရောက်
- thevoiceofchinland
- Jun 25
- 1 min read
(Norway 3-2 Senegal)
VOC/ Sports/ June 23, 2026
ပွဲပြီးဆုံးတဲ့ခရာမှုတ်သံကြားတဲ့အခါမှာ ဆီနီဂေါအသင်းကို (၃-၂) ဂိုးနဲ့ အနိင်ရခဲ့တဲ့ နော်ဝေကစားသမားတွေဟာ မိုးရေစိုရွှဲနေတဲ့ မြက်ခင်းပြင်ပေါ်မှာ စိတ်အားထက်သန်စွာ လူးလှိမ့်အောင်ပွဲခံခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ ပရိသတ်တွေရှေ့မှာ လူစုထိုင်ပြီး မာတင် အိုဒီဂတ်က ဒီပွဲအတွက် ပြင်ဆင်လာတဲ့ ဗုံကို စတင်တီးခတ်လိုက်ပါတယ်။
ကစားသမားတွေနဲ့ အဖွဲ့သားတွေဟာ ပရိသတ်တွေနဲ့အတူ Viking-rowing-boat လှေလှော်ဟန် နဲ့ လှေလှော်ရာမှာ အားပေးကြုံးဝါးသံ hu-cheer ကို ညီညီညာညာ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ နော်ဝေအသင်း ဒီကမ္ဘာ့ဖလားမှာ ဆက်တိုက်လုပ်ဆောင်နေတဲ့ ပွဲအောင်ပွဲခံဟန်လည်း ဖြစ်ပါတယ်။
နော်ဝေအသင်းဟာ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နော်ဝေအသင်းမှာ Erling Braut Haaland တယောက်တည်းက ခြေစွမ်းပြနိုင်တာမျိုး မဟုတ်ပေမယ့် သူ့ရဲ့ခြေစွမ်းတွေကြောင့် အုပ်စုပွဲစဉ် နှစ်ပွဲလုံးကို ကျော်ဖြတ်နိုင်တာဆို မမှားပါဘူး။ Haaland ဟာ နှစ်ပွဲကစားရာမှာ တစ်ပွဲကို နှစ်ဂိုးစီ သွင်းခဲ့ပြီး အုပ်စု (I) ရဲ့ ထိပ်ဆုံးမှာ ပြင်သစ်အသင်းနဲ့အတူ ၆ မှတ်စီနဲ့ ရပ်တည်နေပါတယ်။
ပထမပိုင်းမှာ နော်ဝေတို့ ပွဲအစမှာတင် ထောင့်ကန်ဘော ၄ ကြိမ် ဆက်တိုက် ရရှိခဲ့ပါတယ်။ ပထမပိုင်းပြီးကာနီး ၄၃ မိနစ်မှာတော့ လူစားဝင်လာတဲ့ နောက်ခံလူ Pedersenက သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူပေးလိုက်ပါတယ်။
ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ ဆီနီဂေါကွင်းလယ်လစ်ဟာမှုကဆင့် Haaland က သွင်းယူပြီး နော်ဝေဒုတိယဂိုး ရယူသွားပါတယ်။ ဟာလန်းဟာ နော်ဝေအတွက် ၅၂ ပွဲမှာ ၅၈ ဂိုးအထိ ရှိလာခဲ့ပါပြီ။ ၅၃ မိနစ်မှာတော့ ဆီနီဂေါအတွက် ပထမဆုံးချေပဂိုးကို Ismaila Sarr က သွင်းယူခဲ့ပါတယ်။ နော်ဝေအသင်းရဲ့ တတိယမြောက်ဂိုးကိုတော့ ၅၈ မိနစ်မှာ Haaland ကပဲ သွင်းယူလိုက်ပါတယ်။ ဒုတိယပိုင်း နာကျင်ချိန်ပိုကို ၃ မိနစ်သတ်မှတ်ပေးပီး နာကျင်ချိန်ပို ၃ မိနစ်မှာပဲ Ismaila Sarr က ဆီနီဂေါတို့အတွက် ဒုတိယမြောက် ချေပဂိုးကို သွင်းယူလိုက်ပါတယ်။ ဒုတိယပိုင်းပြီးကာနီး Ismaila Sarr ကပဲ ဂိုးသွင်းယူခွင့်ရပေမယ့် ဂိုးဘားအထက်ကိုေရာက်သွားလို့ နော်ဝေအသင်းက ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဆီနီဂေါ မန်နေဂျာ Pape Thiaw က နော်ဝေအသင်းဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံးအသင်းလို့ ထင်မြင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ "နော်ဝေအသင်းဟာ ဒီပွဲမှာ တကယ်ကို ကောင်းမွန်ခဲ့ပြီး ခံစစ်ကျစ်လစ်ရုံသာမက တိုက်စစ်မှာလည်း တကယ့်ကို တီထွင်ဖန်တီးနိုင်စွမ်းနဲ့ မြန်နှုန်းတွေ ရှိခဲ့ပါတယ်။ နော်ဝေမှာ ကောင်းမွန်တဲ့ ပရိသတ်ပံ့ပိုးမှု ရှိပါတယ်။" လို့ သူက ချီးကျူးပြောဆိုသွားပါတယ်။
Source: X, Fx Sport




Comments