ဟာလန်ရဲ့ သမိုင်းဝင်အနိုင်ဂိုးနဲ့အတူ အိုင်ဗရီကို့စ်ကို ကျော်ဖြတ်ပြီး ၁၆ သင်းအဆင့် တက်လှမ်းနိုင်ခဲ့တဲ့ နော်ဝေး
- thevoiceofchinland
- Jul 2
- 1 min read
VOC / Sports / June 30, 2026
၂၈ နှစ်ကြာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရတဲ့ နော်ဝေးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်းအဆင့်မှာ အိုင်ဗရီကို့စ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး နော်ဝေနိုင်ငံ ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။
AT&T Stadium မှာ ကစားခဲ့တဲ့ ဒီပွဲမှာ နော်ဝေအသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၃၉ မိနစ်မှာ Antonio Nusa (အန်တိုနီယို နူဆာ) က လှပတဲ့ကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ၇၄ မိနစ်မှာတော့ အိုင်ဗရီကို့စ်အသင်းရဲ့ Amad Diallo (အမာဒ် ဒီယာလို) က ချေပဂိုး သွင်းယူခဲ့ပြီး ပွဲအခြေအနေ ပြန်လည်ညီမျှသွားခဲ့ပါတယ်။
ပွဲပြီးခါနီး ၈၆ မိနစ်မှာတော့ နော်ဝေတို့ရဲ့ တိုက်စစ်မှူး Erling Haaland (အာလင်း ဟာလန်း) က အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး နော်ဝေအသင်းကို ရှုံးထွက် ၁၆ သင်းအဆင့်သို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် နော်ဝေအသင်းဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဘရာဇီးလ်အသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ နော်ဝေဟာ ဘရာဇီးလ်နဲ့ တွေ့ဆုံခဲ့တဲ့ လေးပွဲမှာ တစ်ကြိမ်မှ မရှုံးဖူးသေးဘဲ ၁၉၉၈ ကမ္ဘာ့ဖလားမှာလည်း ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ဖူးပါတယ်။
ပွဲအပြီးမှာ နည်းပြ စတောလ် ဆိုလ်ဘက်ကန် က ဟာလန်းကို “သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသွင်းသူပါ။ ဘယ်ကစားသမားနဲ့မှ အလဲအလှယ် မလုပ်ချင်ဘူး”လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဟာလန်းဟာ ဒီအနိုင်ဂိုးနဲ့အတူ နော်ဝေနိုင်ငံလက်ရွေးစင်အသင်းအတွက် ပွဲအနည်းဆုံးနဲ့ ဂိုး ၆၀ ပြည့်မြောက်တဲ့ ကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီကမ္ဘာ့ဖလားမှာ သုံးပွဲကစား ငါးဂိုးသွင်းထားပြီး ရွှေဖိနပ်ဆု (Golden Boot) ပြိုင်ပွဲမှာ Lionel Messi (လီယွန်နယ် မက်ဆီ) ရဲ့ ခြောက်ဂိုးနောက် တစ်ဂိုးသာ လိုတော့တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။
ဟာလန်းနဲ့ Martin Ødegaard (မာတင် အော်ဒီဂေါ့ဒ်) တို့ရဲ့ ခြေစွမ်းပြမှုအပြင် နော်ဝေပရိသတ်တွေရဲ့ “ဗိုက်ကင်း လှေလှော်အောင်ပွဲခံပုံ (Viking Row)” နဲ့ “Alt for Norge” (နော်ဝေအတွက် အားလုံးပေးဆပ်မယ်) ဆိုတဲ့ စည်းလုံးမှုစိတ်ဓာတ်တွေကြောင့် နော်ဝေအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပရိသတ်အများအပြားရဲ့ အားပေးမှုနဲ့ ချီးကျူးမှုကို ရရှိနေတဲ့ အသင်းတစ်သင်း ဖြစ်လာပါတယ်။
Source: ESPN




Comments