ဟွာလ်ငိုးရမ်းဒေသကို ကာကွယ်ဖို့ တပ်ဖွဲ့ကနေ အနားယူပြီးသူများအားလုံးပြန်လာကြရန် HPO/CDF-Hualngoram ဖိတ်ခေါ်
- thevoiceofchinland
- May 14
- 1 min read
VOC/ May 11, 2026
အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက်မှာ ဟွာလ်ငိုးရမ်းဒေသဘက်ကို စစ်ကြောင်းထိုးလာဖွယ်ရှိတဲ့အတွက် ဟွာလ်ငိုးရမ်းဒေသကို ကာကွယ်ရန်တွက် တပ်ဖွဲ့ကနေ အနားယူသွားတဲ့ရဲဘော်တွေအားလုံးပြန်လာကြဖို့ Hualngoram People Organization (HPO/CDF-Hualngoram) က ဖိတ်ခေါ်လိုက်ပါတယ်။
လက်ရှိချင်းပြည်မြောက်ပိုင်းဒေသရဲ့ စစ်ရေးအခြေအနေကိုကြည့်ရင် အကြမ်း ဖက်စစ်တပ်ဟာ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ရိခေါဒါရ်မြို့အပါအဝင် ဟွာလ်ငိုးရမ်းဒေသကို စစ်ကြောင်းထိုးဦးတည်လာမယ်လို့ ယုံကြည်ရပြီး ဟွာလ်ငိုးရမ်းဒေသကို ကာကွယ်ဖို့အတွက်အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဟွာလ်ငိုးရမ်းဒေသကို ကာကွယ်ဖို့အတွက် CDF-Hualngoram တပ်ဖွဲ့ကနေ အနားယူသွားတဲ့ရဲဘော် အားလုံး ပြန်လာကြဖို့နဲ့ တာဝန်ပြန်လည်ထမ်းဆောင်ကြဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဟွာလ်ငိုးရမ်းဒေသထဲမှာရှိတဲ့ ကျေးရွာအားလုံးက လူငယ်တွေ၊ CDF-Hualngoram အရံတပ်ဖွဲ့တွေ၊ အခြေခံ စစ်သင်တန်းတက်ရောက်ပြီးသူအားလုံးနဲ့ ဒေသတွင်းမှာနေထိုင်ကြတဲ့ ပြည်သူအားလုံးအနေဖြင့်လည်း မိမိတို့တတ်နိုင် တဲ့ ကဏ္ဍအသီးသီးကနေ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း HPO/CDF-Hualngoram က တောင်းဆိုပါတယ်။
ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့လည်း မိမိတို့တို့ကျေးရွာကနေ တိမ်းရှောင်ခြင်းမပြုဘဲ လေကြောင်းရန် ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းများပြုလုပ်ကာ ကျေးရွာစောင့်ရှောက်ကာကွယ်ရေးဆောင်ရွက်ဖို့ နဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေကို တတ်နိုင်တဲ့ကဏ္ဍကနေ ပူးပေါင်းကူညီထောက်ပံ့ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
CDF-Hualngoram အနေနဲ့ အသက်ရှင်သောဘုရားသခင်ကို အားကိုးရင်း ဟွာလ်ငိုးရမ်းဒေသကို ကာကွယ်ဖို့ အကြမ်း ဖက်စစ်တပ်ကို ခုခံတိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်တွင်း ပြည်ပမှာရောက်ရှိနေကြတဲ့ ပြည်သူတွေအနေနဲ့ ဆုတောင်းခြင်း အားဖြင့်သော်လည်းကောင်း တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။






Comments