ဟားခါးအခြေချ စစ်ဗျူဟာမှူး ဦးစီးစစ်ကြောင်း တိုက်ခိုက်ခံရ၊ ဗျူဟာမှူးနဲ့ အရာရှိ ၃ ဦး ဒဏ်ရာရ၊ ၄ ဦးသေ
- thevoiceofchinland
- May 15
- 1 min read
VOC/ May 15, 2026
ချင်းပြည် ဖလမ်းမြို့ကနေ တက်လာတဲ့အကြမ်းဖက်စစ်သားတွေကို သွားကြိုဖို့ ဟားခါး ဗျူဟာကုန်းကထွက်လာတဲ့ စစ်ဗျူဟာအဖွဲ့(အခြေချ)(ဟားခါး) စစ်ဗျူ ဟာမှူး ဦးစီးတဲ့စစ်ကြောင်း မနေ့ကတိုက်ခိုက်ခံရပြီး ဗျူဟာမှူး နဲ့အရာရှိ ၃ ဦးဒဏ်ရာရ ကာ၊ ၄ ဦးသေဆုံးခဲ့တယ်လိုသိရပါတယ်။
ဖလမ်းမြို့ကိုသိမ်းပိုက်ပြီး ဖလမ်း-ဟားခါးလမ်းမကြီးအတိုင်း ဟားခါးမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် တပ်စစ်ကြောင်းဟာ ဟားခါးမြို့ကနေ ၁၀ မိုင်ကျော်ကျော်လောက်ဝေးတဲ့ ချွန်ကျုံးကျေးရွာကို မနေ့က ရောက်ရှိခဲ့ပါတယ်။
ချွန်ကျုံးကျေးရွာကို ရောက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ကို ဟားခါးမှာထိုင်တဲ့ စစ်ဗျူဟာမှူးကိုယ်တိုင် ဦးစီးတဲ့ စစ်ကြောင်းက သွားကြိုဖို့ မနေ့က ဟားခါးကနေ ထွက်လာတဲ့အချိန် ဟားခါးမြို့ ၆ လမ်းဆုံအနီးမှာ ချင်းပြည် (Chinland) အစိုးရ တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ရဲ့ဗျူဟာမှူး နဲ့ အရာရှိ ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး၊ ၄ ဦးသေဆုံးကာ အများ အပြားဒဏ်ရာရရှိခဲ့တယ်လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကပြောပါတယ်။
ဒဏ်ရာရရှိတဲ့ဗျူဟာမှူး နဲ့ အရာရရှိ ၃ ဦးကို ဆေးကုသမှုခံယူဖို့ ဒီကနေ့မှာ ကလေးမြို့ကနေ ရဟတ်ယာဉ်နဲ့ လာရောက် ခေါ်ယူဖို့စီစဉ်နေတယ်လို့လည်း ဆလိုင်းထက်နီကပြောပါတယ်။
ဟားခါးမြို့မှာ ဗျူဟာမှူးစစ်ကြောင်းတိုက်ခိုက်ခံရမှုကြောင့် ချွန်ကျုံးရွာမှာရောက်ရှိနေတဲ့ အကြမ်းဖက်စစ်သားတွေက ကျေးရွာထဲက အနည်းဆုံးနေအိမ် ၇ လုံးကို မနေ့ညသန်းခေါင်ယံမှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်မြောက်ပိုင်းက ချင်းပြည်(Chinland) အစိုးရထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို သိမ်းပိုက်ဖို့ ချင်းပျူစောထီး(ZRA-EC) တပ်ဖွဲ့နဲ့အတူ တီးတိန် နဲ့ ကျီခါးမြို့ဘက်ကနေ ကြားညှပ်ပြီး ထိုးစစ်ဆင် နေတယ်လို့သိရပါတယ်။
ပုံအဟောင်း





Comments