ဟားခါးမြို့နယ် Senthang ဒေသ နဲ့ မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်လေကြောင်းတိုက်ခိုက်
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 19, 2026
ချင်းပြည် ဟားခါးမြို့နယ် Senthang ဒေသနဲ့ မင်းတပ်မြို့တနေရာကို အကြမ်းဖက်စစ်တပ်က ယနေ့ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့သိရပါတယ်။
ယနေ့ညနေပိုင်း ၄ နာရီ နဲ့ ၄ နာရီခွဲကြားမှာ Senthang ဒေသ Sakta နဲ့ Zathal ကျေးရွာကြား ဟားခါး-မတူပီ ကားလမ်း မပေါ်မှာတည်ရှိတဲ့ Senthang Revolution Force(SRF) ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက် တာ ၂ စီးဖြင့် ၃ ကြိမ် ဗုံးကြဲခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု နဲ့ ပျက်စီးမှုမရှိဘူးလို့ သိရပါတယ်။
“ဗုံးမကြဲခင်မှာ ဂျက်ဖိုက်တာက ကင်းထောက်လိုလိုနဲ့ ကောင်းကင်ယံမှာဝဲတယ် အဲဒီချိန်မှာ အကုန်လုံးက ထွက်ပြေး တိမ်းရှောင်ကြတယ် ဒါကြောင့် ထိခိုက်မှုတော့ ဘာမှမရှိဘူး” ဟု စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့မနက်ပိုင်းကလည်း ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံး ၁၆ လုံး ကြဲချခဲ့ပြီး ညနေပိုင်းမှာလည်း Y12 လေယာဉ်ဖြင့် ဗုံး ၂၆ လုံးကြဲချခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း ဇိုဖေရမ်းကောင်စီရုံးစိုက်ရာနေရာ CDF-Zophei ဌာနချုပ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တိုက်လေယာဉ် ၈ စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ၁၁ လုံးအပါအဝင် ဗုံးအလုံးရေ ၆၀ ကျော်ကြဲချခဲ့ပြီး ဇိုဖေရမ်းအစိုးရ ကျန်းမာရေးဌာန အတွင်းရေးမှူး မိုင်ဗန်ဒေါ့သ်ချင်းကျဆုံးကာ ၃ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။




Comments