ဟားခါးကနေ ထန်တလန်ဘက်ကို စစ်ကားကြီး ၄ စီးဖြင့် အင်အား ၂၅၀ ခန့်စေလွှတ်
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 4, 2026
ချင်းပြည် ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်ကားကြီး ၄ စီးဖြင့် အကြမ်းဖက်စစ်သား အင်အား ၂၅၀ ခန့် မနေ့ညနေပိုင်းက ထွက်ခွါလာတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဟားခါးမြို့ စစ်ဗျူဟာအဖွဲ့(အခြေချ)ကနေ အင်အား ၂၅၀ ခန့်ပါဝင်သော အကြမ်းဖက်စစ်သားတွေဟာ စစ်ကားကြီး ၄ စီးဖြင့် ဇွန်လ ၃ ရက်ညနေပိုင်းမှာ ဟားခါး-ထန်တလန်လမ်းမကြီးအတိုင်းထွက်ခွါလာပြီး သီမစ်တံတားအနီးဝန်းကျင် ကိုရောက်ရှိနေတယ်လို့ သတင်းရင်းမြစ်ထံကနေသိရပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ တိုက်ခိုက်ရေးဒရုန်းအကြီး ၅ စီး၊ Drop Bomb များ၊ ခဲယမ်းနဲ့ရိက္ခာအချို့ကို သီမစ်စခန်းကိုပို့ဆောင်ပြီး လူအင်အားစုဖွဲ့ကာ ထန်တလန်ဘက်ကို ထိုးစစ်အတွက်ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်း မြစ်ထံကနေသိရပါတယ်။
တချိန်တည်းမှာပဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)ကနေ MI 17 စစ်ဘက်သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တစ်စီး ယနေ့ဇွန်လ ၄ ရက်နေ့မှာ တီးတိန်မြို့ကို ခဲယမ်းနဲ့ ရိက္ခာတွေပို့ဆောင်လာပါတယ်။
တီးတိန်ကနေ ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာရာမှာ တီးတိန်ကိုရောက်နေတဲ့ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး ဟားခါးကို ပြန်လည်လိုက်ပါတယ်လို့ သိရပါတယ်။
အဆိုပါ ရဟတ်ယာဉ်ဟာ ဟားခါးမြို့က ခဲယမ်းနဲ့ ရိက္ခာတွေတင်ဆောင်ကာ ထန်တလန်မြို့ကို ပို့ဆောင်ခဲ့ပြီးနေက် ထန်တလန်ကနေ ကလေးမြို့ဘက်ကို ပြန်လည်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။
ထန်တလန်မြို့ဟာ ယခုလက်ရှိမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ နဲ့ အကြမ်းဖက်စစ်သားတွေက အပြိုင်ထိန်းချုပ်ထားကြပြီး အကြမ်းဖက်စစ်တပ်က အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် မကြာခင်ထိုးစစ်ဆင်လာဖွယ်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။






Comments