ဟားခါးကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ထန်တလန်မြို့ထဲဝင်ရောက်နေရာယူ
- thevoiceofchinland
- Jun 10
- 1 min read
VOC/ June 10, 2026
ချင်းပြည် ဟားခါးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မနေ့ဇွန်လ ၉ ရက်နေ့က ထန်တလန်မြို့ ထဲကို ဝင်ရောက်နေရာယူထားနိုင်ပြီလို့ စုံစမ်းသိရှိရပါတယ်။
အင်အား ၂၅၀ ဝန်းကျင်ခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ တိုက်ခိုက်ရေးဒရုန်း၊ ဗုံးသီး၊ ခဲယမ်းရိက္ခာတွေနဲ့ အတူ စစ်ကား ၄ စီးဖြင့် ဇွန်လ ၃ ရက်နေ့က ဟားခါးမြို့ကနေ ထွက်လာကြတာဖြစ်ပါတယ။
အဲဒီနောက် သီမစ်ဒေသမှာ စစ်အင်အားစုဖွဲ့ပြင်ဆင်ပြီး ဇွန်လ ၆ ရက်နေ့မှာ C3 တောင်ကုန်းကို တိုက်ခိုက်သိမ်းပိုက်ကာ ထန်တလန်ဘက်ကို ဆက်လက်ထိုးစစ်ဆင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ထန်တလန်ကိုထွက်လာတဲ့ စစ်ကြောင်းဟာ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ရဲ့ အမှတ်(၇၇၁)နည်းဗျူဟာမှူး ဗိုလ်မှူး ကြီး လွှမ်းမိုးနိုင်ဦးစီးတဲ့ စစ်ကြောင်းလို့သိရပြီး ဇွန်လ ၉ ရက်နေ့မှာ စစ်ကြောင်းတစ်ဝက်လောက်က ထန်တလန်မြို့ ထဲကို ဝင်ရောက်နိုင်ခဲ့တာလို့ သိရပါတယ်။
ဟားခါး နဲ့ ထန်တလန်ကြားမှာတော့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ၂ ရက်ခန့် တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး အဲဒီတိုက်ပွဲ မှာ အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းစာလောက်ဟာ ဟားခါး-ထန်တလန်ကြားမှာ အရေးပါတဲ့ C3 တောင်၊ Auto တောင်ကုန်းတွေမှာ နေရာယူထားတယ်လို့ သိရပါတယ်။




Comments