သမ္မတဦးဝင်းမြင့်ကိုလွှတ်ပေးတာကြိုဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဟာ အဓိကကျဟု ဖိလစ်ပိုင်ပြော
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 20, 2026
မြန်မာ့နှစ်သစ်ကူးနေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် အကျဉ်းသားထောင်ချီကို လွတ်ငြိမ်းခွင့်ပေးတာ ကို ကြိုဆိုပေမဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟာ အဓိကကျပြီး အရေးကြီး တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်က ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်ကတည်းကနေ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသားတချို့ပြန်လွှတ်ပေးမှုဟာ သက်ဆိုင်သူအားလုံးအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် အားလုံးပါ ဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ပေါ်လာစေအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၉ ရက်နေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးမကောင်းသူတွေပြန်လည်လွှတ်ပေးဖို့ အရေးကြီးတယ်လို့ ဖိလစ်ပိုင်နိုင်ငံကပြော ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်းဟာ အဓိပ္ပာယ် ပြည့်ဝတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲဖော်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘော တူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် အရေးပါလှတယ်လို့ ဖိလစ်ပိုင်ကပြောပါတယ်။
အာဏာသိမ်းအကြမ်ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတအဖြစ်တင်မြောက်ပြီးနောက် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးချုပ်ထားတဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြစ်ဒဏ် ၄ နှစ်ခွဲလျှော့ချပြီး အကျဉ်းထောင်ထဲမှာ ဆက်လက်ထိန်း သိမ်းထားတယ်လို့ သိရပါတယ်။




Comments