ရန်ကုန်မြို့မှာ အမေရိကန်သံတမန်တစ်ဦး သေဆုံးမှုကြောင့် ထိုင်းအမျိုးသမီးတစ်ဦး ထိန်းသိမ်းခံထားရ
- thevoiceofchinland
- Jun 10
- 1 min read
VOC/ June 10, 2026
ရန်ကုန်မြို့၊ အင်းလျားလမ်းပေါ်ရှိ Sakura Residence and Hotel မှာ အမေရိကန်သံတမန်တစ်ဦး သေဆုံးခဲ့တဲ့အတွက် အမှုနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ဒီအမှုနဲ့ပတ်သတ်ပြီး ဇွန်လ ၁၀ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်အစိုးရ ဝန်ထမ်းတစ်ဦး သေဆုံးမှု ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိဘူးလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး AP သတင်းဌာနရဲ့မေးမြန်းမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက "သေဆုံးသူ၏ မိသားစုနှင့် ချစ်ခင်ရသူများ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားသောအားဖြင့် ယခုအချိန်တွင် နောက်ထပ် သတင်းအချက်အလက် ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးပါ” လို့ အီးမေးလ်နဲ့ အကြောင်းပြန်ထားပါတယ်။
သံတမန်အသိုင်းအဝိုင်းက အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တချို့က ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့နှစ်ပတ်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ သူတို့ရဲ့ပြောဆိုမှုအရ ရဲတပ်ဖွဲ့က အခုဖြစ်စဉ်ကကို လူသတ်မှုဖြစ်နိုင်ချေအဖြစ် သတ်မှတ်ထားပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အမှုနဲ့ပတ်သတ်လို့ ဟိုတယ်တည်ရှိရာ နယ်မြေရဲစခန်းနဲ့ ဟိုတယ်တာဝန်ရှိသူတွေက မှတ်ချက်ပေးဖို့ ငြင်းဆိုထားပြီး ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း အဆိုပါ သံသယရှိသူ အမျိုးသမီးအား သံတမန်ရေးရာ ကူညီစောင့်ရှောက်မှု (Consular Support) ပေးအပ်ခြင်း ရှိ၊ မရှိ နဲ့ တခြားသတင်းအချက်အလက်များပေးဖို့ ငြင်းဆိုထားကြပါတယ်။
Source: AP




Comments