ရခိုင်ပြည်နယ် ကြိမ်ချောင်းကျေးရွာမှာ သတ္တမနေ့အသင်းတော်ဆိုင်းဘုတ်ဖြိုချဖျက်ဆီးခံရ၊ ဓမ္မဆရာလည်း ရွာမှာမနေဖို့ ခြိမ်းခြောက်ခံနေရဟုဆို
- thevoiceofchinland
- May 19
- 1 min read
VOC/ May 19, 2026
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် ယိုးချောင်း/ကြိမ်ချောင်းကျေးရွာမှာ သတ္တမနေ့အသင်းတော် (Seventh-day Adventist Church – SDA) ဆိုင်းဘုတ်ဖြိုချဖျက်ဆီးခံရပြီး ဓမ္မဆရာလည်း ရွာမှာမနေဖို့ ခြိမ်းခြောက် ခံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ယိုးချောင်း/ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေအပါအဝင် ရွာသူရွာသား ၁၅ ယောက်ဝန်းကျင်က ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင်မှာ သတ္တမနေ့အသင်းတော်ခြံဝန်းအတွင်း အုပ်စုလိုက်ဝင်ရောက်လာပြီး အသင်းတော်နာမည်ရေးထားတဲ့ဆိုင်းဘုတ်ကို ဖြိုချဖျက်ဆီးခဲ့ကြတာလို့ အဲဒီအခြေအနေကို သိရှိသူတစ်ဦးကပြောပါ တယ်။
ဒါ့အပြင် သတ္တမနေ့အသင်းတော်ဝန်းအတွင်းနေထိုင်တဲ့ ဓမ္မဆရာကိုလည်း ရွာမှာမနေဖို့ ခြိမ်းခြောက်ခံနေရတယ်လို့ သူကဆိုပါတယ်။
ယိုးချောင်း/ကြိမ်ချောင်းကျေးရွာဟာ မြိုလူမျိုးတွေနေထိုင်တဲ့ကျေးရွာဖြစ်ပြီး အိမ်ခြေ ၉၀ နဲ့ လူဦးရေ ၄၅၀ ဝန်းကျင်နေ ထိုင်ကြတယ်လို့သိရပါတယ်။ အဲဒီထဲမှာ ယုံကြည်သူခရစ်ယာန်ဘာသာဝင် ၂၀ ဦးခန့်ရှိတယ်လို့သိရပါတယ်။
ယိုးချောင်း/ကြိမ်ချောင်းကျေးရွာမှာ သတ္တမနေ့အသင်းသူတစ်ဦးက ကိုယ်ပိုင်ငွေကြေးဖြင့် ခြံမြေဝယ်ယူကာ အသင်းတော် အတွက်လှူဒါန်းပြီး အဲဒီခြံမြေမှာ သင်းအုပ်ဆရာနေအိမ်ဆောက်လုပ်ပြီး ဘုရားဝတ်ပြုကိုယ်းကွယ်မှုတွေပြုလုပ်ခဲ့ကြတာ တစ်နှစ်ခန့်ရှိပြီလို့သိရပါတယ်။
အသင်းတော်ဆိုင်းဘုတ်ကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်ဖြင့် စိုက်ထူခဲ့ကြတာလို့ မြိုဒေသ သတင်း ဌာန တစ်ခု ဖြစ်တဲ့ The Mro Times ကဖော်ပြပါတယ်။
အဲဒီခြံဝန်းထဲမှာ သင်းအုပ်ဆရာနေအိမ်ကို သစ်၊ ဝါး၊ ဓနိမိုးဖြင့် ဆောက်လုပ်ထားပြီး တစ်နှစ်ကျော်ကြာ အသုံးပြုရာကနေ နောက်ပိုင်းမှာ ဓနိမိုးဟောင်းနွမ်းလာတာကြောင့် သွပ်ဖြင့် ပြန်လည်မိုးရန် ပြင်ဆင်ရာ ကျေးရွာသားအချို့က “ဘုရား ကျောင်း ဆောက်နေသည်” ဆိုပြီး တိုင်းကြားခံရတာကနေ အခုလိုအခြေအနေရောက်ရှိလာတာလို့ The Mro Times က ဖော်ပြပါတယ်။
ဒီဖြစ်စဉ်မတိုင်ခင်မှာလည်း အသင်းတော်ခြံဝန်းမြေနေရာကို ရွာဘုံမြေ ဖြစ်တယ်ဆိုပြီး ကန့်ကွက်ခံခဲ့ရပါတယ်။ တာဝန်ရှိ သူတွေက စုံစမ်းစစ်ဆေးရာမှာ ရွာဘုံမြေ မဟုတ်ဘဲ လှူဒါန်းသူရဲ့ ပိုင်ဆိုင်မှုမှန်ကန်ကြောင်း အတည်ပြုခဲ့ကြပြီး ဖြစ် တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒေသခံခရစ်ယာန်ဘာသာဝင်တွေအပေါ် ဖိအားပေးနှင်ထုတ်မှုတွေလည်း ရှိနေကြောင်းသိရပြီး၊ ဓမ္မဆရာ မိသားစုနဲ့ ခရစ်ယာန်ဘာသာဝင် တွေဟာ အထူးစိုးရိမ်နေကြရပြီး၊ အသင်းတော်ခြံဝင်းအတွင်းမှာ စုပြီးနေထိုင်ကြတယ် လို့သိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေထံတိုင်းကြားကြပေမယ့် အရေးယူဖြေရှင်းဆောင်ရွက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
Video Credit- Mro Ethnic Group




Comments