top of page

ရုရှားရဲ့ ယခုနှစ်အတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော်မှာ အနည်းဆုံး အရပ်သား ၂၇ ဦး သေဆုံးခဲ့

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 3
  • 1 min read

VOC / International / July 2, 2026


ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဇူလိုင် ၂ ရက် ညပိုင်းကနေ မနက်အစောပိုင်းအထိ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ၈၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ရှ်ကိုက ဒီတိုက်ခိုက်မှုဟာ ရုရှားက ၂၀၂၂ ခုနှစ်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ကိယက်ဗ်အပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်သလို၊ ဒီနှစ်အတွင်း လူသေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းလေတပ်ရဲ့ ထုတ်ပြန်ချက်အရ ရုရှားဟာ ဒီတိုက်ခိုက်မှုမှာ ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း ၅၇၀ ကို အသုံးပြုခဲ့ပါတယ်။ အဲဒီထဲမှာ တိုက်ခိုက်ရေးဒရုန်း ၄၉၆ စင်း နဲ့ ဒုံးကျည် ၇၄ စင်း ပါဝင်ပြီး ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်ဖွဲ့က စုစုပေါင်း ၅၂၄ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည် ၇၄ စင်းအနက် ၄၈ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ၁ စင်းက ပစ်မှတ်ဆီ မရောက်ခဲ့ဘူးလို့ ယူကရိန်းဘက်က ပြောပါတယ်။ အသုံးပြုခဲ့တဲ့ ဒုံးကျည်တွေထဲမှာ Zircon၊ Iskander-M၊ S-400၊ Kh-101၊ Kalibr နဲ့ Kh-59/69 အမျိုးအစားတွေ ပါဝင်ပါတယ်။

ဒရုန်း ၄၉၆ စင်းအနက် ၄၇၆ စင်းကို ပစ်ချနိုင်ခဲ့ပြီး ၈ စင်းကတော့ ပစ်မှတ်ဆီ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ကြားဖြတ်မပစ်ချနိုင်ခဲ့တဲ့ ဒုံးကျည်နဲ့ ဒရုန်းတချို့ဟာ ကိယက်ဗ်၊ ကာကိဗ်နဲ့ နီပရိုဒေသတွေရှိ လူနေတိုက်ခန်းတွေ၊ ကားတွေ၊ စျေးဆိုင်တန်းတွေအပါအဝင် အရပ်ဘက်နေရာ ၃၃ ခု ကို ထိမှန်ခဲ့ပါတယ်။

ကိယက်ဗ်မြို့အရှေ့ပိုင်းမှာ ကိုးထပ် လူနေအဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ မြို့တော်မှာ အထပ်မြင့်တိုက်ခန်းတချို့၊ တည်းခိုခန်းတစ်လုံး၊ အရေးပေါ်ကယ်ဆယ်ရေးစခန်းတစ်ခုနဲ့ အရောင်းဆိုင်တချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ယူကရိန်းအရေးပေါ်ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ကိယက်ဗ်မြို့ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ တီမူး တကာချန်ကိုက မြို့တော်တစ်ဝှမ်း နေရာ ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ရုရှားဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ ယူကရိန်းက ရုရှားနိုင်ငံအတွင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


Source: X, CBS, Zelensky



 
 
 

Comments


bottom of page