ရုရှားဘက်ကို ညလုံးပေါက် ဒရုန်းဒုံးကျည်များနဲ့ ယူကရိန်းတိုက်ခိုက်
- thevoiceofchinland
- May 18
- 1 min read
VOC/ May18, 2026
ယူကရိန်းဘက်က ရုရှားနိုင်ငံထဲကို ဒရုန်းတွေနဲ့ အကြီးအကျယ် သွားရောက်တိုက်ခိုက်ခဲ့လို့ မော်စကိုမြို့နားက ၃ ယောက် အပါအဝင် စုစုပေါင်း လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး၊ နောက်ထပ် လူတစ်ဒါဇင်လောက် ဒဏ်ရာရသွားတယ်လို့ ရုရှားအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ရုရှားရဲ့ အကြီးဆုံးလေဆိပ်ထဲကို ဒရုန်းအပိုင်းအစတွေ ကျခဲ့ပေမဲ့ ဘာမှတော့ ပျက်စီးသွားတာမျိုး မရှိပါဘူး။
သေဆုံးသွားတဲ့သူတွေထဲမှာ မော်စကိုအနောက်မြောက်ဘက် Khimki မြို့က အိမ်တစ်လုံးကို ဒရုန်းမှန်လို့ သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦး၊ မော်စကိုမြောက်ဘက် ၁၀ ကီလိုမီတာအကွာက ရွာတစ်ရွာမှာ သေဆုံးသွားတဲ့ အမျိုးသား ၂ ဦးနဲ့ ယူကရိန်းနယ်စပ် Belgorod ဒေသမှာ ဒရုန်းနဲ့ ကုန်တင်ကား အတိုက်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသားတစ်ဦးတို့ ပါဝင်ပါတယ်။ ဒါ့အပြင် တခြား အခြေခံအဆောက်အအုံတချို့နဲ့ အထပ်မြင့်တိုက်တွေလည်း ပျက်စီးခဲ့ပါသေးတယ်။
မော်စကိုမြို့ထဲမှာတော့ အဓိကအားဖြင့် ရေနံချက်စက်ရုံအဝင်ဝနားမှာ လူ ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပေမဲ့ စက်ရုံရဲ့ စက်မှုပိုင်းဆိုင်ရာတွေကိုတော့ ထိခိုက်တာမျိုး မရှိဘူးလို့ မြို့တော်ဝန်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ သူတို့လုပ်ရပ်ဟာ "လုံးဝတရားမျှတတယ်" လို့ အတည်ပြုပြောဆိုထားပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒါဟာ မကြာသေးခင်က ကိဗ်မြို့ကို ရုရှားက တိုက်ခိုက်ခဲ့တာတွေအပေါ် ယူကရိန်းဘက်က ကလဲ့စားချေ တုံ့ပြန်တာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ တစ်ဖက်မှာလည်း ရုရှားက ယူကရိန်းကို ညတွင်းချင်း ဒရုန်းတွေနဲ့ ပြန်တိုက်ခိုက်ခဲ့လို့ ယူကရိန်းဘက်မှာ လူ ၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
Source - AP News




Comments