ရုရှားကို စစ်ပွဲအဆုံးသတ်ရေးဖိအားပေးရန် ရက် ၄၀ ကြာ အထူးစစ်ဆင်ရေး စတင်ကြောင်း ဇလန်စကီး အတည်ပြု* ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် အဝေးပစ်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေ ဟုဆို
- thevoiceofchinland
- Jun 30
- 1 min read
VOC/ International/ June 25, 2026
ယူကရိန်းသမ္မတ ဇလန်စကီးက ရုရှားကို စစ်ပွဲအဆုံးသတ်ရန် ဖိအားပေးရည်ရွယ်သည့် ရက် ၄၀ ကြာ အထူးစစ်ဆင်ရေး (40-day influence operation) ကို အတည်ပြုလိုက်ကြောင်းနှင့် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် အဝေးပစ်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဇွန်လ ၂၅ ရက်နေ့တွင် X လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဇလန်စကီးက ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) ၏ “အယ်လ်ဖာ (Alpha)” အထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ချုပ် ယက်ဗဟန် ခမာရာနှင့် တွေ့ဆုံကာ စစ်ဆင်ရေးရလဒ်များကို သုံးသပ်ဆွေးနွေးခဲ့ပြီးနောက် စစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားအပေါ် ဖိအားတိုးမြှင့်မည့် ရက် ၄၀ ကြာ စစ်ဆင်ရေးကို အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက SBU နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့များသည် ဒရုန်းအမျိုးအစားမျိုးစုံကို အသုံးပြု၍ လပေါင်းများစွာ ရှေ့တန်းစစ်မျက်နှာတွင် ယူကရိန်းတပ်ဖွဲ့များကို ထိရောက်စွာ ကာကွယ်ပေးနေသလို ရုရှားသိမ်းပိုက်ထားသည့် နယ်မြေများအတွင်းရှိ အရေးကြီးပစ်မှတ်များကို ဆက်တိုက်တိုက်ခိုက်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဇလန်စကီးက ယူကရိန်း၏ အဝေးပစ်တိုက်ခိုက်မှုများသည် ရုရှားက စစ်ပွဲကို ဆက်လက်ဆွဲဆောင်နေခြင်းနှင့် ယူကရိန်းမြို့များ၊ လူမှုအသိုင်းအဝိုင်းများကို တိုက်ခိုက်နေခြင်းအပေါ် တုံ့ပြန်မှုများဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
၎င်း၏ ပြောကြားချက်အရ ဇွန်လ ၂၄ ရက်ညပိုင်းတွင် ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များက ရှေ့တန်းမှ ကီလိုမီတာ ၃၀၀ ခန့်အကွာရှိ ရုရှားနိုင်ငံ Krasnodar ဒေသရှိ Poltava ရေနံသိုလှောင်ရုံကို တိုက်ခိုက်ခဲ့ပြီး၊ ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် SBU ကလည်း ရှေ့တန်းမှ ကီလိုမီတာ ၁,၅၀၀ ခန့်ဝေးသည့် Ufa မြို့ရှိ Bashneft-Ufaneftekhim နှင့် Bashneft-Novoil ရေနံသန့်စင်စက်ရုံနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် ယူကရိန်း၏ ပြည်တွင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံနှင့် ပြည်သူများကို ကာကွယ်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ကြောင်း ဇလန်စကီးက ပြောကြားခဲ့ပြီး ရုရှားအနေဖြင့် အချိန်ဆွဲခြင်း သို့မဟုတ် လှည့်ဖြားရန် ကြိုးစားနေမည့်အစား စစ်မှန်သော သံတမန်ရေးနည်းလမ်းကို ရွေးချယ်သင့်ကြောင်း တိုက်တွန်းကာ “စစ်ပွဲကို အဆုံးသတ်ရမယ်” ဟု အလေးပေး ပြောကြားခဲ့ပါတယ်။
Source: X- Zelensky




Comments