top of page

ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှူးကို ပစ်သတ်တဲ့ ရဲဘော်ငဖြိုးကို လက်နက်ဖြုတ်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားဟု PDF စစ်ရုံးချုပ်က ထုတ်ပြန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 26, 2026


စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အမှတ် (၆) တပ်ရင်းမှူးရဲဘော် ပုလဲမောင်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့တဲ့ ရဲဘော် ငဖြိုး ကို လက်နက်ဖြုတ်သိမ်းပြီး ယင်းမာပင်ခရိုင် စစ်ဌာန အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF စစ်ရုံးချုပ်က အသိပေးထုတ်ပြန်လာပါတယ်။

ဒီကနေ့ ဇွန်လ ၂၆ ရက် ခရိုင်အစည်းအဝေးလုပ်နေတဲ့အချိန်မှာ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိ ရဲဘော်ငဖြိုးက ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၊ တပ်ရင်းမှူး ရဲဘော် ပုလဲမောင်ကို ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ရာ နေရာမှာတင် ကျဆုံးသွားခဲ့တယ်လို့သိရပါတယ်။

ယခုဖြစ်စဥ်နှင့်ပတ်သတ်ပြီး အသေးစိတ်အခြေအနေတွေ သိရှိနိုင်စေရန်နဲ့ မလိုလားအပ် သော နောက်ဆက်တွဲ ကိစ္စရပ်တွေ မဖြစ်ပေါ်စေရေး စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူတွေက အနီးကပ် ကွင်းဆင်းဆောင်ရွက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့်လည်း စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးပေး ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ယင်းမာပင်ခရိုင် အမှတ်(၆) တပ်ရင်း၊ တပ်ရင်းမှူး ရဲဘော်ပုလဲမောင်ကျဆုံးမှုအပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက် များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးနှင့် ခရိုင်တပ်ရင်းတွေဟာ NUG ကာကွယ်ရေးဝန်ကြီး (MOD) လက်အောက်ခံတပ်ဖွဲ့ တွေဖြစ်ကြပါတယ်။



 
 
 

Comments


bottom of page